လှိုင်းပုတ်မှုကြောင့် ရေခူ များစွာ သြစတြေးလျ ကမ်းပေါ်တင်

February 4, 2017

လှိုင်းပုတ်မှုကြောင့် ရေခူ များစွာ သြစတြေးလျ ကမ်းပေါ်တင်

အပြာရောင် ရေခူ (Jellyfish) အကောင်ကြီး ထောင်ပေါင်းများစွာ လှိုင်းပုတ်ပြီး သြစတြေးလျ ကမ်းခြေတခုပေါ် တင်လာလို့ ဒေသခံတွေနဲ့ ရေကြောင်းကျွမ်းကျင်သူတွေ အံ့အားသင့်ခဲ့ကြတယ်လို့ ဘီဘီစီ ဖေဖော်ဝါရီ ၃ ရက်နေ့သတင်းမှာ ဖော်ပြထားပါတယ်။ ရေထဲမှာ မြင်တောင့်မြင်ခဲ ထူးဆန်းလှတဲ့အရောင်ကို သတိထားမိလို့ ကွင်းစ်လန်မြို့ရဲ့ ဒီစက်ပ်ရှန်ကမ်းခြေပေါ်က ရေခူ (Jellyfish) တွေရဲ့ဓာတ်ပုံကို ရှားလော့တ်လော်ဆန်၊ အသက် ၂၄ နှစ်က ရိုက်ကူးခဲ့တာပါ။ “ကျမတို့ အနားလည်းရောက်သွားရော ဒါတွေက ရေခူ (Jellyfish) တွေဖြစ်နေတယ်။ အဲ့ဒီပုံက ကမ်းခြေပေါ်မှာ ပလုံစီဖေါင်းကြွတွေပါနေတဲ့ ထုတ်ပိုးစရာ ပလတ်စတစ်အချပ်လို ဖြစ်နေတယ်” လို့ သူမက ဘီဘီစီကို ပြောပါတယ်။ ဒီမြင်ကွင်းဟာ သြစတြေးလျ အရှေ့ဘက်ကမ်းခြေမှာ ပုံမှန်မြင်ကွင်းလိုဖြစ်နေပေမယ့် ဒီအနည်းငယ် အဆိပ်ရှိတဲ့ ပင်လယ်ရေသတ္တဝါတွေကို အများကြီးမြင်ရတာဟာ မြင်ရခဲတယ်လို့ သိရပါတယ်။ ဒီဓာတ်ပုံတွေကို မြင်တဲ့အခါ အဏ္ဏဝါသိပ္ပံပညာရှင် ဒေါက်တာလီဆာအန်းဂရက်ရှ်ဝင်းက အရမ်းအံ့သြသွားတယ်လို့ ပြောပါတယ်. “နံရံကပ်စာရွက်တစ်ခုလိုပဲ ဒီငါးတွေ အရမ်း နီးနီးကပ်ကပ်နဲ့ ကမ်းခြေပေါ်မှာ ရှိနေတာက အပြာရောင် ပင်လယ်ပြင်ကြီးလို ဖြစ်သွားတယ်” လို့ ဆိုပါတယ်။ နွေးထွေးတဲ့ရေ ပိုလျံတဲ့အဟာရတွေနဲ့ ဒီရေခူတွေကို စားမဲ့သတ္တဝါမရှိတာ စတဲ့အချက်တွေစုပေါင်းပြီး ဒီလိုဖြစ်လာတာ ဖြစ်နိုင်တယ်လို့ ဒေါက်တာဂရက်ရှ်ဝင်းက ပြောပါတယ်။ မြောက်ပြန်လေနဲ့ ဒီရေ အတက်အကျ အခြေအနေကလည်း ဒီလိုဖြစ်စေနိုင်တာပဲလို့ သူမက ဆက်ပြောပါတယ်။ ဓာတ်ပုံရိုက်ခဲ့တဲ့ မစ်စ်လော်ဆန်က ဒီလိုရေခူတွေအများကြီး သူမ မမြင်ဘူးကြောင်း၊ ဒီရေခူတွေက “အတော်အတန် ဆိုးရွားတဲ့အနံ့တွေတော့” ရလာပြီ၊ ဒေသခံတွေကလည်း ဒီအနံ့ဆိုးတွေကို ဝေဖန်နေကြကြောင်း ပြောပါတယ်။ ရေခူတွေ သဲပေါ်မှာ ခြောက်သွေ့သွားပြီး ငှက်တွေက လာစားမယ်ထင်တယ်လို့ ဒေါက်တာဂရက်ရှ်ဝင်းက ပြောပါတယ်။
4 years Ago
Up