နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူတို့အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲအမှုနဲ့ ပတ်သက်ပြီး ဧပြီ ၈ ရက် ဒီနေ့ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုက်အဝန်းကနေ သိရပါတယ်။
ဒီနေ့ ရုံးချိန်းမှာ ရွေးကောက်ပွဲကော်မရှင် ဒုညွှန်မှူးဦးကိုကိုနိုင်ကို စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူတယောက်က ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဦးမင်းသူတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပေါ်မှာ မလျော်သြဇာလွှမ်းမိုးခဲ့တဲ့ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀- က နဲ့ စစ်ကောင်စီက စွဲဆိုထားတဲ့ အမှုဖြစ်ပါတယ်။
ဒီအမှုမှာ လိုပြသက်သေ အယောက် ၂၀ ရှိပြီး တရားလိုပြသက်သေတွေကို ဧပြီ ၁၈ ရက် အပြီးစစ်မှာ ဖြစ်ပါတယ်။
ဧပြီ ၂၅ ရက်မှာ စွဲချက်လျှောက်လဲချက်တင်ပြီး မေ ၂ ရက်မှာ စွဲချက်အမိန့်ချဖို့ တရားရုံးက ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ စွဲချက်တင်ရင် စွပ်စွဲခံရသူတွေဘက်က CMP ထပ်လုပ်မှာ ဖြစ်ပါတယ်။
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ထောက်ခံတဲ့ ကြံ့ခိုင်ရေးပါတီက အန်အယ်လ်ဒီပါတီကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့တာဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်ရှောင်တာနယ်လ်ကို စစ်ကောင်စီက မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ)နဲ့ လ.ဝ.က အက်ဥပဒေတို့နဲ့ စွဲဆိုထားတဲ့အမှု ဇန်နဝါရီ ၂၀ ရက်မှာ ဆက်လက်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားရုံးနဲ့နီးစပ်သူတစ်ဦးက “ရုံးချိန်းမှာ မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ပုဒ်မနဲ့ပတ်သက်ပြီး တရားလိုပြ သက်သေအဖြစ် ရဲမှူးအောင်ကျော်ဆန်းကို စစ်ဆေးခဲ့တယ်။ စစ်ဆေးတာ မပြီးလို့ နောက်အပတ်ကို ပြန်ချိန်းလိုက်တယ် ” လို့ ပြောပါတယ်။
ဒီအမှုအတွက် တရားလိုပြသက်သေ သုံးဦး စစ်ဆေးဖို့ ကျန်သေးတယ်လို့လည်းပြောပါတယ်။ နောက်ရုံးချိန်းကို ဇန်နဝါရီ ၂၇ ရက်နေ့ ပြန်လည်ချိန်းဆိုလိုက်ပြီး လ၀က အက် အမှုကိုပါ ဆက်လက်စစ်ဆေးမယ်လို့ သိရပါတယ်။
ရှောင်တာနယ်လ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း)တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရတာဖြစ်ပါတယ်။