လိုတရ၊ ရွှေစံလှမုန့်လုပ်ငန်း

January 12, 2021

လိုတရ၊ ရွှေစံလှမုန့်လုပ်ငန်းပိုင်ရှင်​ကို ဒုတိယအကြိမ် ရုံးထုတ် အာမခံပေး

ကလေးအလုပ်သမားတွေကို ညှဉ်းပန်းနှိပ်စက်ခိုင်းစေခဲ့တယ်ဆိုပြီး ဖမ်းဆီး တရားစွဲခံထားရတဲ့  လိုတရ  ရွှေစံလှ မုန့်လုပ်ငန်းပိုင်ရှင်တွေကို  ရန်ကုန်၊ ဒဂုံဆိပ်ကမ်းတရားရုံးမှာ ဇန်နဝါရီ ၁၂ ရက် ဒီနေ့မနက် ရုံးထုတ်ပြီး အာမခံပေးလိုက်ပါတယ်။  ဒီကနေ့ ဒုတိယအကြိမ်ရုံးချိန်းမှာ  မုန့်တိုက်ပိုင်ရှင်တွေကို  တရားရုံးဘက်က အမှုဆက်လက်ရင်ဆိုင်ဖို့ သိန်း ၃၀ နဲ့ အာမခံပေးထားတယ်လို့ အသိသက်သေအဖြစ် ကူညီဆောင်ရွက်ပေးနေတဲ့ CTUM ရွှေ့ပြောင်း အလုပ်သမားဌာန တာဝန်ခံ ကိုဟိန်းလတ်က ပြောပါတယ်။ တတိယအကြိမ်ရုံးချိန်းအနေနဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကို ချိန်းဆိုထားကာ ဇန်နဝါရီလ ၅ ရက်နေ့ ပထမအကြိမ်ရုံးချိန်းတုန်းက တရားခံဘက်က လာရောက်ဖို့ပျက်ကွက်ခဲ့ပါတယ်။ ဒီနေ့ရုံးချိန်းဟာ လိုတရ၊ ရွှေစံလှမုန့်လုပ်ငန်းပိုင်ရှင်တွေကို အလုပ်ရုံအက်ဥပဒေ ပုဒ်မ(၈၅)နဲ့ တရားစွဲဆိုတဲ့ရုံးချိန်းဖြစ်ပါတယ်။ တရားလိုဖြစ်တဲ့ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရဲ့ တရားစွဲဆိုချက် တွေက မဟုတ်မှန်ကြောင်း တရားခံဘက်က ငြင်းဆိုထားပြီး အမှုဆက်လက်ရင်ဆိုင်ဖို့ အာမခံပေး ထားတာပါ။ အလုပ်စေခိုင်းခံရတဲ့ ကလေးတွေကိုတော့  သန်လျင်နဲ့WTC လူမှုဝန်ထမ်းဦးစီးဌာနတွေမှာ ထိန်းသိမ်းထားပြီး စိစစ်စရာတွေပြီးရင် မိဘတွေဆီပြန်အပ်မယ်လို့ သိရပါတယ်။ လက်ရှိမှာ  အလုပ်ရှင်ကို  နာကျင်စေမှုပုဒ်မ(၃၂၃)၊ ဆဲဆိုမှုပုဒ်မ(၂၉၄)၊ လိုင်စင်မဲ့ပုဒ်မ(၃၂၃)၊ အလုပ်ရုံအက်ဥပဒေ ပုဒ်မ(၈၅)နဲ့ တရားစွဲဆိုထားတာဖြစ်ပြီး အနိမ့်ဆုံးလုပ်ခလစာ အပြည့်အဝ မရရှိတာနဲ့ပတ်သက်လို့လည်း  အမှုဖွင့်ဖို့ဆောင်ရွက်နေတယ်လို့ ကိုဟိန်းလတ်က ပြောပါတယ်။ ဒီအမှုဟာဆိုရင် ၂၀၂၀ နိုဝင်ဘာ ၁၉ ရက်နေ့က  လိုတရ၊ ရွှေစံလှမုန့်တိုက်မှာ အလုပ်လုပ်နေတဲ့   ယောကျ်ားလေးတစ်ဦး ညှဉ်းပန်းနှိပ်စက်ခံရလို့ ထွက်ပြေးလာရာကနေ ရပ်ကွက်နေပြည်သူတွေက  အုံကြွမှုဖြစ်ခဲ့ကာ သက်ဆိုင်ရာက အလုပ်ရှင်ကို အမှုဖွင့် ခဲ့တာ ဖြစ်ပါတယ်။ သတင်း - အိသဇင်ခိုင်
3 months Ago

December 2, 2020

လိုတရ၊ ရွှေစံလှမုန့်လုပ်ငန်း၌ ခိုင်းစေခံရသည့် ကလေးများကို မိဘက နေရပ်ပြန်ခေါ်ယူလို

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်၊ လိုတရ ရွှေစံလှမုန့်လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ ကလေးတွေကို မိဘတွေက နေရပ်ဧရာဝတီတိုင်းကို ပြန်ခေါ်ဆောင်သွားချင်​​နေကြတယ်လို့ ကလေးငယ်တစ်ဦးရဲ့ဖခင်က ပြောပါတယ်။ အဆိုပါမုန့်လုပ်ငန်းမှာ စုစုပေါင်းကလေးအယောက် ၂၀ အလုပ်လုပ်ကိုင်တာဖြစ်ပြီး ကလေး ၁၄ ဦးက ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြီး  ရိုးမရိပ်သာကုသရေးစင်တာမှာ ကုသမှုခံယူနေကြတာပါ။ ဒီဇင်ဘာ ၁ ရက်နေ့က ကူးစက်ခံရတဲ့သူတွေထဲက ရက်ပြည့်လို့ ဆေးရုံဆင်းတဲ့ ယောကျ်ားလေးတွေကို သန်လျင်လူမှုဝန်ထမ်းဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားပြီး CTUM လက်ထောက်ဌာနမှူးက လိုက်ပါဆောင်ရွက်ကာ မိဘတွေနဲ့ တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ ဒါပေမဲ့ WTC လူမှုဝန်ထမ်းဦးစီးဌာနက မိန်းကလေးတွေကတော့ ကွာရန်တင်း ၇ ရက်ဝင်ရမှာဖြစ်တဲ့အတွက်ကြောင့် တွေ့ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။ အမျိုးသမီးငယ်တစ်ဦးရဲ့ဖခင်ဖြစ်သူက "ပုံမှန်အလုပ်လုပ်စဉ်က တစ်လ နှစ်ကြိမ်လောက် ဖုန်းပြောခွင့်ရပေမဲ့ ဘေးမှာအလုပ်ရှင်ထိုင်နေပြီး အသံသွင်းထားတာမျိုးတွေရှိတဲ့အတွက်ကြောင့် ကလေးတွေအနေနဲ့လွတ်လွတ်လပ်လပ် စကားပြောခွင့်မရဘဲ ဒီဖြစ်စဉ်ကိုလည်း မသိခဲ့ရဘူး” လို့ ပြောပါတယ်။ နေရပ်ပြန်ရင် ကွာရန်တင်းဝင်ရဦးမှာဖြစ်ပြီး ကလေးတွေကို ဆက်မထားရဲတော့တဲ့ အတွက်ကြောင့် ကလေးတွေ ကွာရန်တင်းဝင်ပြီးတဲ့အထိစောင့်ကာ တစ်ခါတည်းခေါ်သွားမယ်လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။  သူ့ရဲ့ သမီးဖြစ်သူဟာ လိုတရ ရွှေစံလှမုန့်လုပ်ငန်းမှာ လုပ်ခလစာ ကျပ် ၄၀,၀၀၀ ကနေ စတင်လုပ်ကိုင်တာဖြစ်ပြီး ၃ နှစ်ပြည့်တဲ့အခါမှာ လစာငွေ ၆၀,၀၀၀ ကျပ်အထိသာ ရရှိတယ်လို့ လည်းဆိုပါတယ်။ လုပ်ငန်းပိုင်ရှင်တွေကို အလုပ်သမားဝန်ကြီးဌာနက သက်ဆိုင်ရာဥပဒတွေနဲ့ တရားစွဲဆိုဖို့ ပြင်ဆင်နေပြီး အလုပ်သမားခေါင်းပုံဖြတ်မှုတွေကို အဓိကထားတရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ ဒီအမှု လိုက်ပါဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်က ရွှေ့ပြောင်းအလုပ်သမားဌာန လက်ထောက်ဌာနမှူး ကိုဟိန်းလတ်က ပြောပါတယ်။ လက်ရှိမှာ လုပ်ငန်းပိုင်ရှင်တွေကို ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းက နာကျင်စေမှုပုဒ်မ ၃၂၃၊ ဆဲဆိုမှုပုဒ်မ ၂၉၄ နဲ့ စည်ပင်ဥပဒေပုဒ်မ ၃၂၃ လိုင်စင်မဲ့လုပ်ကိုင်မှုတို့နဲ့ အမှုဖွင့်ထားပါတယ်။ သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ - ကိုဟိန်းလတ်
5 months Ago
Up