လိုင်ယွန်တိုက်စစ်မှူး ဒီပေ

October 18, 2020

ဒီပေးကို လာမယ့်ဇန်နဝါရီ ခေါ်ယူရန်  ထပ်မံကြိုးစားမည်ဟု ဘာစီလိုနာနည်းပြပြော

လိုင်ယွန်တိုက်စစ်မှူး ဒီပေးကို ခေါ်ယူချင်ကြောင်း ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ထပ်မံပြောဆိုပါတယ်။ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့အပြောင်းအရွှေ့မှာ ဘာစီလိုနာ အသင်းကို ရောက်ရှိလုနီးပါး ဖြစ်ခဲ့ပေမဲ့ အပြောင်းအရွှေ့ကိစ္စရပ်ဟာ ပျက်ပြားခဲ့ရပါတယ်။  အသက် ၂၆ နှစ်အရွယ် ဒီပေးနဲ့ လိုင်ယွန်အသင်းတို့ကြား စာချုပ်ဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ လိုင်ယွန်အသင်းအတွက် အာရုံစိုက်ထားတယ်လို့ ဒီပေးက ပြောပါတယ်။ ဒါပေမဲ့ လက်ရွေးစင်အသင်း နည်းပြဟောင်းဖြစ်တဲ့ ကိုးမန်းကတော့ ဒီပေးကို သူ့စာချုပ်မကုန်ခင် ဘာစီလိုနာအသင်းဆီကို ခေါ်ယူသွားလိုနေတယ်လို့ ပြောပါတယ်။ ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်မှာ ဒီပေး ခေါ်ယူသွားဖို့ ရှိ၊ မရှိဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ကိုးမန်းက “ဒါဟာ ဖြစ်လာနိုင်ပါတယ်။ ကျနော် သူ့ကို ဘာစီလိုနာမှာ လိုချင်တဲ့ အတွက် ခေါ်ဖို့ ကြိုးစားသွားပါမယ်။ ဒါပေမဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကိုတော့ ကျနော် မပြောနိုင်ပါဘူး။ ဒါ့ကြောင့်  စောင့်ကြည့်ရမယ်” လို့ ပြောပါတယ်။ အသင်းရဲ့ ငွေကြေးအခက်အခဲဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဒီပေးကို ခေါ်ယူဖို့ အခက်တွေ့စေခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီနဲ့ ကော်တင်ဟိုတို့ကို ရောင်းမထုတ်နိုင်ခဲ့တာကြောင့် ဒီပေး အတွက် ဘတ်ဂျက်မရရှိခဲ့တာ ဖြစ်ပါတယ်။ ကိုးမန်းက ဒီပေး ခေါ်ယူဖို့ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ ကစားသမားကတော့ လိုင်ယွန်အသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောပါတယ်။  “ကျနော် လိုင်ယွန်မှာ ပျော်ရွှင်နေပါတယ်။ လိုင်ယွန်အသင်းမှာ အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရတာကိုလည်း ဂုဏ်ယူပါတယ်။ တခါတလေ နားလည်မှုလွဲတာတွေ ရှိတတ်ပါတယ်။ မီဒီယာတွေမှာ ဖော်ပြချက်တွေဟာ အမြဲတမ်း မှန်ကန်နေတာ မဟုတ်ပါဘူး။ တကယ်တော့ ကျနော့်ကို ခေါ်ယူချင်တဲ့အသင်း တချို့ရှိခဲ့ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ ဘာသဘောတူညီမှုမှ မရခဲ့ပါဘူး။”  ဘာစီလိုနာအသင်းကို ဇန်နဝါရီလမှာ ပြောင်းဖြစ်မလားလို့ မေးမြန်းခဲ့မှုကိုလည်း ဒီပေးက “ဇန်နဝါရီလကိုရောက်ဖို့ ၄ လလောက် လိုပါသေးတယ်။ အခုချိန်မှာတော့ ကျနော် လိုင်ယွန် အသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်” လို့ ပြောပါတယ်။
1 year Ago
Up