လိုင်စင် ပိတ်သိမ်းခံရ

May 2, 2021

မြစ်ကြီးနားသတင်းဂျာနယ်၏ တရား၀င်ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းခံရ

မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ တရား၀င်ထုတ်ဝေခွင့် လိုင်စင်အား အကြမ်းဖက်စစ်ကောင်စီက ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ပြန်ကြားရေး၀န်ကြီးဌာနက မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ တရား၀င်ထုတ်ဝေခွင့် လိုင်စင်အား ဧပြီ ၂၉ ရက်နေ့မှာ ပိတ်သိမ်းလိုက်ကြောင်း အကြောင်းကြားစာကို ဒီနေ့ရက်စွဲနဲ့ ပေးပို့လာတယ်လို့ ဂျာနယ်က ထုတ်ပြန်ထားပါတယ်။

အကြောင်းကြားစာထဲမှာတော့ “မြစ်ကြီးနားသတင်းဂျာနယ်သည့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဉပဒေပါ စည်းကမ်းချက်တွေကို ဖောက်ဖျက်၍ နိုင်ငံတော်လုံခြုံရေး၊ တရားဉပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများ၊ ပြစ်မှုကျူးလွန်သူများကို အားပေးကူညီရာရောက်သည့် အကြောင်းအရာများကို ရေးသားထုတ်ဝေဖော်ပြခဲ့သည့်အတွက် ၂၀၂၁ ဧပြီ ၂၉ ရက်မှစ၍ ပိတ်သိမ်းလိုက်သည်” လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဂျာနယ်အနေနဲ့ မီဒီယာအမျိုးအစား တခုခုနဲ့ နည်းပညာတရပ်ရပ်ကို အသုံးပြုပြီး ရေးသားထုတ်ဝေတာတွေ မလုပ်ဖို့လည်း အသိပေးထားပါတယ်။

မြစ်ကြီးနားဂျာနယ်ကို ၇ နှစ်ကျော်ကြာ ထုတ်ဝေခဲ့တာဖြစ်ပြီး သတင်းတင်ဆက်မှုတွေကို ဒီနေ့ကစ ရပ်နားလိုက်ပြီဖြစ်ကြောင်းနဲ့ နောက်အခွင့်ကြုံလာပါက ပြည်သူအတွက် သတင်းဝန်ဆောင်မှု ပေးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဂျာနယ်က ထုတ်ပြန်ထားပါတယ်။

2 weeks Ago
Up