ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သက်မှတ်ချက်တွေကြောင့် ဂျာမနီနိုင်ငံအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ခံထားရတဲ့အတွက် လီဗာပူးအသင်းရဲ့ လိုက်ပစ်ဇ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မရေရာ မသေချာမှုတွေ ဖြစ်ပေါ်နေပါတယ်။
ကလော့ပ်ရဲ့ လီဗာပူးအသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ပထမအကျော့ကို လိုက်ပစ်ဇ်အသင်းရဲ့ ရက်ဘူးလ်အရီနာမှာ လာမယ့်ဖေဖော်ဝါရီ ၁၆ ရက်နေ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂျာမနီနိုင်ငံဟာ ဗြိတိန်လို ရောဂါဖြစ်ပွားမှုမြင့်တက်နေတဲ့ ဒေသတွေကနေ လာမယ့် နိုင်ငံတကာခရီးသွားတွေကို ဝင်ရောက် ခွင့်ပိတ်ပင်ထားပါတယ်။
ဒီလိုဒေသတွေက လာမယ့်လေကြောင်းလိုင်းတွေကို ဖေဖော်ဝါရီ ၁၇ ရက်အထိ ပိတ်ပင်ထားတာဖြစ်ပြီး ဒါဟာ ပွဲကစားဖို့ သတ်မှတ်ထားတဲ့အချိန်ထက် တစ်ရက်နောက်ကျပြီးမှ ဝင်ရောက်ခွင့်ရှိမယ့်အနေအထားပါ။
ဂျာမနီရဲ့ ဖက်ဒရယ်ပြည်ထဲရေးဌာန BMI က အခုသီတင်းပတ်အစပိုင်းကတည်းက ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒီကြေညာချက်အရ တိုးမြင့်ခဲ့တဲ့ ကိုဗစ်စည်းကမ်းချက်တွေထဲမှာ ပရော်ဖက်ရှင်နယ်အားကစားသမားတွေကို လျော့ပေါ့ပေးမယ့် သတ်မှတ်ချက်တွေ ပါဝင်နေခြင်းမရှိဘူးလို့ ဆိုပါတယ်။
ချန်ပီယံလိဂ်ပွဲအတွက် အထူးခွင့်ပြုချက်တွေ လုပ်ဆောင်ပေးမှာမဟုတ်ဘူးလို့လည်း BMI က ကြာသာပတေးနေ့မှာ ထပ်မံပြောကြားခဲ့ပါတယ်။
အစိုးရရဲ့ကန့်သတ်ချက်တွေကြောင့် လိုက်ပစ်ဇ်အသင်းအနေနဲ့ ဒီပွဲကို ပြောင်းလဲစီစဉ်ရတော့မှာဖြစ်ပြီး ယူအီးအက်ဖ်အေကတော့ ဖေဖောဝါရီ ၈ ရက်မတိုင်ခင်ပွဲကို ကျင်းပမနိုင်တဲ့ တခြားအစီစဉ်တစ်ခုကို လုပ်ဆောင်သွားဖို့ လိုက်ပစ်ဇ်အသင်းကို သတ်မှတ်ပေးထားပါတယ်။
ဒီအခြေအနေကြောင့် ကြားကွင်းမှာကန်မလား၊ ဒါမှမဟုတ် ပထမအကျော့နဲ့ ဒုတိယအကျော့ကို ကွင်းချင်းလဲကန်မလားဆိုတဲ့ ရွေးချယ်စရာရှိလာပါတယ်။
လီဗာပူးအိမ်ကွင်းမှာကန်မယ့် ဒုတိယအကျော့ပွဲစဉ်ဟာ မတ်လ ၁၀ ရက်မှဖြစ်တာကြောင့် ဖေဖော်ဝါရီ ၁၆ ရက် အန်ဖီးလ်မှာကန်ပြီး မတ် ၁၀ ရက်မှ လိုက်ပစ်ဇ်ကွင်းမှာ ကန်တာက သတ်မှတ်ချက်တွေကို ဖြေရှင်းဖို့အတွက် အချိန်ပိုရစေပါတယ်။
ဒါပေမယ့် အဆုံးအဖြတ်ပေးမယ့် ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကန်ခွင့်ရရှိထားတဲ့အခြေအနေမှာ လီဗာပူးဘက်က ဒါကိုလက်ခံသွားဖို့ခက်ခဲပါတယ်။
ဒါ့ကြောင့် ကိုဗစ်နဲ့ပတ်သက်ပြီး စည်းကမ်းတင်းကြပ်မှုမရှိတဲ့ ကြားကွင်းတစ်ခုမှာကန်ဖို့သာ ရွေးချယ်စရာရှိနေပြီး ရုရှား၊ ဟန်ဂေရီကကွင်းတစ်ခုခုမှာပွဲကို ယှဉ်ပြိုင်ဖို့ဖြစ်လာ နိုင်တယ်လို့ ဂျာမာန်သတင်းတွေမှာ ဖော်ပြပါတယ်။
လိုက်ပစ်ဇ်အနေနဲ့ ယူအီးအက်ဖ်အေရဲ့ သတ်မှတ်ချက်အတိုင်း ဖေဖောဝါရီ ၈ ရက်မတိုင်ခင် ကွင်းကို ရွေးချယ်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင်တော့ လီဗာပူးအသင်းဟာ အလိုအလျောက် ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားမှာလည်း ဖြစ်ပါတယ်။