လိုက်ဘေးရီးယား

September 20, 2018

လိုက်ဘေးရီးယား သမ္မတဟောင်း၏သား အပါအဝင် ၁၅ ဦးကို နိုင်ငံမှထွက်ခွင့် ပိတ်ပင်

လိုက်ဘေးရီးယားသမ္မတဟောင်း အယ်လန်ဂျွန်ဆင်ဆာလိဖ်ရဲ့ သားအပါအဝင် နိုင်ငံသား ၁၅ ယောက်ကို နိုင်ငံတွင်းကနေ ထွက်ခွင့် တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ဗဟိုဘဏ်မှာ ရှိရမယ့်ငွေ အမေရိကန်ဒေါ်လာ ၁၀၄ သန်း ဘယ်ရောက်သွားလဲဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့လည်း အစိုးရက ပြောပါတယ်။ နိုင်ငံခြား ငွေရိုက်စက်ကနေ လိုက်ဘေးရီးယား ဗဟိုဘဏ်က မှာယူထားတဲ့ ငွေစက္ကူတွေဟာ နိုင်ငံရဲ့ အဓိကဆိပ်ကမ်းတွေကို ဖြတ်သန်းအပြီး ပျောက်သွားခဲ့တယ်လို့ လိုက်ဘေးရီးယား ပြန်ကြားရေးဝန်ကြီးက ဒေသခံ ရေဒီယိုကို အင်္ဂါနေ့မှာ ပြောလိုက်တာပါ။ ပျောက်သွားတဲ့ ငွေပမာဏဟာ နိုင်ငံ့ ပြည်တွင်းထုတ်ကုန် GDP ရဲ့ ၅ ရာခိုင်နှုန်းနီးပါး ရှိနေပါတယ်။ ဒီအရေးနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဗဟိုဘဏ် အရာရှိတွေက မတုံ့ပြန်ပါဘူး။ လိုက်ဘေးရီးယား သမ္မတဟောင်း ဆာလိဖ်ဟာ သူ့ရာထူးသက်တမ်း ၁၂ နှစ်အတွင်း ငြိမ်းချမ်းရေးခိုင်မြဲလို့ ချီးကျူးခံရပေမယ့် အဂတိလိုက်စားမှုကို ထိန်းချုပ်ဖို့ ပျက်ကွက်လို့ ဝေဖန်ခံရပါတယ်။ သူ့သားကတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုအတွင်း ဗဟိုဘဏ် ဒုအုပ်ချုပ်ရေးမှူး အဖြစ်ကနေ  ၂ဝ၁၂ မှာ ဆိုင်းငံ့ခံရတာပါ။ ဒါပေမယ့် ၂၀၁၆ မှာ ဗဟိုဘဏ်အကြီးအကဲအဖြစ် ပြန်ပြီး ရွေးကောက်တင်မြှောက် ခံခဲ့ရလို့ ဆွေမျိုးသားချင်း ကောင်းစားရေးဝါဒနဲ့ စွပ်စွဲ ပြစ်တင်ခံခဲ့ရပါတယ်။
3 years Ago
Up