လိုက်ပ်ဇစ်

April 6, 2018

တီကို၊ လိုက်ပ်ဇစ်၊ လာဇီယိုတို့ အနိုင်ရခဲ့သည့် ယူရိုပါလိဂ် ကွာတားပွဲစဉ်များ (ရုပ်သံ)

ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေကို မနေ့က ယှဉ်ပြိုင်ရာ ဂျာမန်ကလပ် လိုက်ပ်ဇစ်၊ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ အီတလီကလပ် လာဇီယိုတို့ နိုင်ပွဲတွေ အသီးသီး ရယူနိုင်ခဲ့ပါတယ်။
ဂျာမန်ကလပ် လိုက်ပ်ဇစ်နဲ့ ပြင်သစ်ကလပ် မာဆေးတို့ပွဲစဉ်မှာ လိုက်ပ်ဇစ်က ပထမပိုင်းပွဲချိန် ပြီးခါနီးမှာ သွင်းယူခဲ့တဲ့ တိုက်စစ်မှူး တီမိုဝါနာရဲ့သွင်းဂိုး တဂိုးတည်းနဲ့ အနိုင်ရခဲ့တာပါ။
စပိန် လာလီဂါကလပ် အက်သလက်တီကိုမက်ဒရစ်နဲ့ ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းတို့ ပွဲစဉ်မှာတော့ တီကိုက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ တီကိုအတွက် ပွဲအစ ၂၃ စက္ကန့်မှာပဲ ကိုကီက အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီး မိနစ် ၄၀ မှာ တိုက်စစ်မှူး ဂရစ်ဇ်မန်းက ဒုတိယဂိုးသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တဖက်နဲ့တဖက် ဂိုးထပ်မသွင်းနိုင်ဘဲ တီကိုက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
အီတလီကလပ် လာဇီယိုနဲ့ သြစတြီးယားကလပ် ဆဲလ်ဇ်ဘာ့ဂ်တို့ ပွဲစဉ်မှာတော့ လာဇီယိုက လေးဂိုး နှစ်ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လာဇီယိုအတွက် ပွဲအစ ၈ မိနစ်မှာ လူလစ်၊ ၄၉ မိနစ်မှာ ပါရိုလို၊ ၇၄ မိနစ်မှာ အန်ဒါဆန်နဲ့ ၇၆ မိနစ်မှာ အမ်မိုဘိုင်းက အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဆဲလ်ဇ်ဘာ့ဂ်အတွက် ချေပဂိုးနှစ်ဂိုးကိုတော့ ပွဲချိန် မိနစ် ၃၀ မှာ ဘာရီရှာက ပယ်နယ်တီကနေ တဂိုး၊ ၇၁ မိနစ်မှာ မီနာမီနိုက တဂိုး သွင်းယူပေးခဲ့ပါတယ်။ ကွာတားဖိုင်နယ် ပထမအကျော့မှာ အနိုင်ရတဲ့အသင်းတွေ ဆီမီးဖိုင်နယ်တက်ဖို့ အခြေအနေကောင်းပြီး ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ လာမယ့် ဧပြီ ၁၃ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
3 years Ago
Up