လိမ်လည်ပို့ခံရ

October 12, 2021

မြန်မာနယ်စပ် ကာစီနိုရုံသို့ လိမ်လည်ပို့ခံရသည့် ထိုင်းလူငယ် ၁၀ ဦးကို ကယ်ဆယ်ပေးရန် တောင်းဆို

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်က ထိုင်းလူငယ်  ၁၀ ယောက်ဟာ လိမ်လည်လှည့်ဖြားခံရပြီး မြန်မာနိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာကြောင့် သူတို့ကို ကယ်ဆယ်ပေးဖို့နဲ့ ချက်ချင်း အရေးယူဆောင်ရွက်ပေးဖို့ လူငယ်တွေရဲ့ အုပ်ထိန်းသူတွေက မြန်မာအာဏာပိုင်တွေကို အကူအညီတောင်းဆို လိုက်ပါတယ်။

အသက် ၁၆ နှစ်မှ ၁၉ နှစ်ကြားရှိ ဆယ်ကျော်သက်လူငယ်တွေကို နယ်စပ်ဖြတ်ကျော်ရင် ရောက်ရှိမယ့် ကာစီနို လောင်းကစားရုံတစ်ခုမှာ လစာကောင်းကောင်း အလုပ်တွေရမယ်လို့ ကတိပေးထားတယ်လို့ ဆိုပါတယ်။

ဆယ်ကျော်သက်တယောက်ရဲ့ အဘိုး အဘွားဖြစ်တဲ့ ပင်င်ခဝမ်နဲ့ ချန်ထိယင်နန်တို့ ပြောပြတာက ထိုင်းလူမျိုးပွဲစားအဖွဲ့တဖွဲ့က သူတို့မြေးကို စက်တင်ဘာလမှာ တွေ့ဆုံခဲ့ကြပြီး သူ့ကို အွန်လိုင်းလောင်းကစားရုံ အုပ်ချုပ်ရေးမှူးအဖြစ် အလုပ်ခန့်လိုက်တယ်လို့ ဆိုပါတယ်။ 

ဒီလူငယ်လေးကို လစဉ်ဘတ်ငွေ ၂၄၀၀၀ အပြင် အခမဲ့နေထိုင်ခွင့်၊ အစားအသောက်နဲ့ ရုံးပိတ်ရက်တွေအတွက် အချိန်ပိုကြေးတွေလည်း ပေးမယ်လို့ ကတိပြုထားကြောင်း အဘိုး အဘွားက ပြောပါတယ်။

ဒါပေမဲ့ သူတို့ရဲ့မြေးနဲ့ တခြား ထိုင်းလူငယ် ၉ ဦးဟာ မြန်မာနိုင်ငံဘက်က တရုတ်လူမျိုးတွေ လုပ်ကိုင်နေတဲ့ ကာစီနို လောင်းကစားရုံတစ်ခုကို လူကုန်ကူးခံခဲ့ရတာလို့ ဆိုပါတယ်။ ကလေးတွေကို သူတို့မဖတ်တတ်တဲ့ တရုတ်ဘာသာစကားနဲ့‌ ရေးသားထားတဲ့ စာချုပ်မှာ ဖိအားပေး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ အဘိုးအဘွားက ပြောတဲ့အကြောင်းလည်း ထိုင်းနိုင်ငံထုတ် သည်နေရှင်းသတင်းမှာ ဖော်ပြပါတယ်။ 

1 year Ago
Up