လိမ်လည်ခြင်းဖြစ်ဟု မော်ရင်ဟို စွပ်စွဲ

December 7, 2017

ဆေးလ်ဗား ဒဏ်ရာရနေကြောင်း ပြောဆိုမှု လိမ်လည်ခြင်းဖြစ်ဟု မော်ရင်ဟို စွပ်စွဲ

မန်ချက်စတာဒါဘီပွဲစဉ်မှာ ဒေးဗစ်ဆေးလ်ဗား ဒဏ်ရာရနေတယ်လို့ ပြောဆိုတာဟာ လိမ်လည်မှုတခု ဖြစ်တယ်လို့ မန်ယူနည်းပြ မော်ရင်ဟို စွပ်စွဲပြောဆိုလိုက်ပါတယ်။ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူနဲ့ မန်စီးတီးတို့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီပွဲမှာ ဒေးဗစ်ဆေးဗားလ် ဒဏ်ရာရနေလို့ ပါဝင်ကစားဖို့ မသေချာဘူးလို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောဆိုထားတာပါ။ အဲဒီလို ပြောဆိုတာနဲ့ပတ်သက်ပြီး ပြိုင်ဘက်အသင်းတွေအနေနဲ့ ကစာသမားတွေ ဒဏ်ရာရတယ်လို့ ပြောကြားပြီး တကယ့်ပွဲမှာတော့ အားလုံးကစားနေကြတယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ မန်ယူနဲ့ အာဆင်နယ်ပွဲမှာလည်း အာဆင်နယ် နည်းပြ အာဆင်ဝင်းဂါးက တိုက်စစ်မှူး လာကာဇက် ဒဏ်ရာရနေတယ်လို့ ပြောဆိုခဲ့ပေမယ့် မန်ယူနဲ့ပွဲမှာတော့ ပွဲထွက် ကစားစေခဲ့ပါတယ်။ ပြိုင်ဘက်အသင်းတွေဘက်က ဒဏ်ရာရနေတယ်လို့ လိမ်လည် ပြောဆိုကြပေမယ့် မိမိတို့အသင်းအနေနဲ့ အဲဒီလို ပြောကြားမှာ မဟုတ်ဘူးလို့လည်း မော်ရင်ဟိုက တုံ့ပြန် ပြောပါတယ်။ မန်စီးတီးနဲ့ ပွဲမှာ နောက်ခံလူ အဲရစ်ဘိုင်လီ ပါဝင်နိုင်မှာ မဟုတ်ဘဲ ဖေးလ်ဂျုံး၊ ဖေလိုင်နီ၊ အီဗရာဟီမိုဗစ်နဲ့ မာတစ်တို့ ကစားနိုင်မယ့် အခွင့်အရေးရှိတယ်လို့လည်း မော်ရင်ဟိုက ပြောပါတယ်။
3 years Ago
Up