ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ပိုးကူးစက်သူတွေ များလာတဲ့နောက် ကိုဗစ်-၁၉ လူနာသစ်ဦးရေ တနေ့တည်းမှာ ၇၅၂၆ ဦးတွေ့ရှိပြီး တာဝန်ရှိသူတွေက ရောဂါထိန်းချုပ်ဇုန်နဲ့အတူ အခြားကန့်သတ်ချက်တွေပါ ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ခရိုင်ပေါင်း ၇၇ ခရိုင်ရှိတဲ့အနက် ၆၉ ခရိုင်ကို လိမ္မော်ရောင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးဇုန်အဖြစ်၊ ကျန်တဲ့ ခရိုင် ၈ ခုကို အပြာရောင်ဇုန်အဖြစ် ဒီလ ၉ ရက်နေ့ကစပြီး သတ်မှတ်တယ်လို့ ထိုင်းနိုင်ငံကိုဗစ်-၁၉ အခြေအနေကွပ်ကဲထိန်းချုပ်ရေးဗဟိုအဖွဲ့ Center for Covid 19 Situation (CCSA) က ဒီကနေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
အပြာရောင်ဇုန် ၈ ခရိုင်မှာ ဘန်ကောက်၊ ကန်ကျနပူရီ၊ ကရပီ၊ ချွန်းပူးရီး၊ နွန်ထပူရီ၊ ပထုန်ဌာနီ၊ ဖန်င နဲ့ ဖူးကစ်ခရိုင်တို့ဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်များ သွားလာလည်ပတ်ဖို့ ဖြစ်ကြောင်း၊ ဒါပေမယ့် ဆိုင်ထိုင်သောက်စားတာကို ည ၉ နာရီထိသာ ခွင့်ပြုမယ်လို့ CCSA ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာထဝီးဆင် ဝိစနုယိုးထင်းက ပြောပါတယ်။
ဒါ့အပြင် အိမ်ကနေပဲ အလုပ်လုပ်တဲ့ WFH ( Work from home) ကာလကို မူလက ဇန်နဝါရီ ၁၄ ထိသာ သတ်မှတ်ပေမယ့် ဒီလကုန် ၃၁/၀၁/၂၀၂၂ ထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။
ကာရာအိုခေ၊ အနှိပ်ခန်း၊ အရက်ဆိုင် စတဲ့ ဖျော်ဖြေဆိုင်တွေ ဖွင့်ခွင့်မပြုသေးဘဲ စားသောက်ဆိုင်အဖြစ် ပြောင်းဖွင့်လို့ ရတယ်လို့ ဆိုပါတယ်။
နိုင်ငံခြားကနေ ဝင်ရောက်လာသူတွေအနေနဲ့ Test & Go ( ကွာရန်တင်းဝင်စရာမလို) တဲ့ စနစ်ကို ရက်အကန့်အသတ်မရှိ ရုပ်သိမ်းလိုက်ပါတယ်။ ဒါကြောင့် ဝင်လာသူတိုင်း ကိုဗစ်-၁၉ စစ်ဆေးပြီး ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။
Sand Box စနစ်နဲ့ အလည်အပတ်အတွက် သီးသန့်လာတဲ့ဧည့်သည်တွေအတွက် မူလက ဖူးကစ်ခရိုင်သာ ဖွင့်ထားရာက စူရတ်ဌာနီ၊ ဖန်င နဲ့ ကရပီ ခရိုင်တွေပါ တိုးချဲ့လိုက်ပါတယ်။
ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်လာပေမယ့် တိုင်းပြည်ကိုတော့ Lock Down ချသေးမှာ မဟုတ်ကြောင်း၊ ခရိုင်တစ်ခုမှတစ်ခုသို့ ခရီးသွားလာခွင့်ကိုလည်း ပိတ်ပင်ကန့်သတ်တာမဟုတ်ဘဲ အရေးမကြီးရင်ခရီးမထွက်ဖို့ မေတ္တာရပ်ခံခြင်းသာဖြစ်ကြောင်း ဒေါက်တာ ထဝီးဆင်က ပြောသွားပါတယ်။
ထိုင်းနိုင်ငံမှာ ဒီကနေ့ ကိုဗစ်-၁၉ ကူးစက်ခံရသူလူနာသစ် ၇၅၂၆ ဦး၊ သေဆုံး ၁၉ ဦးနဲ့ သက်သာပျောက်ကင်းသူ ၂၈၉၅ ဦးရှိပါတယ်။ ၂၀၂၀ ခုနှစ်ကစ ကနေ့ထိ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၂၂၅၂၇၇၆ ဦး၊ သက်သာပျောက်ကင်းသူပေါင်း ၂၁၈၈၃၉၇ ဦး၊ သေဆုံးသူပေါင်း ၂၁၇၉၉ ဦးရှိပါတယ်။
အိုမီခရွန်ပိုးကူးစက်သူစာရင်း ဒီကနေ့ထုတ်ပြန်တာမတွေ့ဘဲ ဇန်နဝါရီ ၅ ရက်နေ့အထိတော့ ခရိုင်ပေါင်း ၅၅ ခုကနေ ၂၃၃၈ ဦးတွေ့ရှိပြီး အများဆုံးမှာ ဘန်ကောက်၊ ကားလားဆင်နဲ့ ချွန်းပူးရီးခရိုင်တို့ဖြစ်ကြောင်း Thai Pbs သတင်းမှာ ဖော်ပြပါတယ်။