လိပ်ကျွန်းလူသတ်မှု

September 6, 2018

လိပ်ကျွန်းလူသတ်မှု သဲလွန်စဖော်ထုတ်ခဲ့သည့် CSILA ဖေ့စ်ဘွတ်ခ်အတ်ဒ်မင် ဖမ်းဝရမ်းထုတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၄ နှစ်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူ မြန်မာလူငယ် ၂ ဦးဘက်ကနေ တရားမျှတမှုရရှိရေး ဖြစ်ရပ်မှန်သဲလွန်စတွေ ဆွဲထုတ်ဖော်ပြခဲ့တဲ့ CSILA ဖေ့စ်ဘွတ်ခ် အက်ဒ်မင် နိုင်းပရမုခ် အနန္တဆင် ခေါ် ဒေးဗစ်ကို ထိုင်းအမျိုးသားရဲတပ်ဖွဲ့က စက်တင်ဘာ ၃ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။ ဖမ်းဝရမ်းထုတ်ရတဲ့ အကြောင်းကတော့ မြန်မာလူငယ်အမှုနဲ့ မသက်ဆိုင်ဘဲ ပြီးခဲ့တဲ့ ဇွန်လက ခိုတောင်ကျွန်းကို အလည်လာတဲ့ ဗြိတိန်နိုင်ငံသား မိန်းကလေးတဦး မုဒိမ်းကျင့်ခံရတဲ့ အကြောင်းနဲ့ ပတ်သက်နေတာပါ။ အသက် ၁၉ နှစ်ရွယ် ဗြိတိန်မိန်းကလေး မဲမ် (အမည်ရင်းမဟုတ်) ဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်ညက ကမ္ဘာလှည့်ခရီးသည် ယောက်ျားလေးသူငယ်ချင်း ၄ ဦးနဲ့အတူ ခိုတောင်ကျွန်း စိုင်ရီကမ်းခြေမှာ သောက်စားကြရင်း သတိမေ့သွားကြောင်း၊ သူမ သတိရလာချိန် သဲသောင်ပြင်မှာ တဦးတည်းကျန်ရစ်ပြီး မုဒိမ်းကျင့်ခံထားရတာကို သိရတဲ့အတွက် သူမကို ဆေးခတ်ပြီး မုဒိမ်းကျင့်ခဲ့တဲ့ တရားခံကို ရှာဖွေအရေးယူပေးဖို့ သူမရဲ့ အတွင်းခံဝတ်စုံကို သက်သေအဖြစ် အပ်နှံကာ ရဲကိုတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့တိုင်ချက်ကို ရဲက တယ်လီဖုန်းနဲ့ ငွေ ၃၀၀၀ အခိုးခံရမှု အနေနဲ့ပဲ အမှုဖွင့်ထားပြီး အရေးတယူ ဆောင်ရွက်ပေးတာ မရှိကြောင်း သူမက မိခင်နိုင်ငံပြန်ရောက်ပြီးနောက် နိုင်ငံခြားသတင်းဌာနတွေကို တိုင်ကြားခဲ့ပါတယ်။ အဲဒီအမှုမှာ CSILA ဖေ့စ်ဘွတ်ခ် စာမျက်နှာကလည်း မိန်းကလေးဟာ မတရားမှုကို ခံရကြောင်း၊ ထိုင်းရဲတွေ တာဝန်မဲ့ကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီအကြောင်းတွေ မီဒီယာမှာ ပြန့်သွားပြီးတဲ့နောက် ပြီးခဲ့တဲ့လက ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကိုယ်တိုင် ခိုတောင်ကျွန်းကို ရောက်ရှိလာပြီး မိန်းကလေး အမှန်တကယ် မုဒိမ်းကျင့်ခံရခြင်းရှိမရှိ သေချာစစ်ဆေးဖို့ အမိန့်ပေးသွားပါတယ်။ ခရိုင်ရဲနဲ့ နယ်မြေခံရဲတွေက ပတ်ဝန်းကျင်အနေအထား၊ စီစီတီဗွီကင်မရာနဲ့ လူသက်သေတွေ စစ်ဆေးမေးမြန်းပြီး မိန်းကလေး မုဒိမ်းကျင့်ခံရကြောင်း သက်သေရှာမတွေ့တဲ့အတွက် ဒီအကြောင်းကို ဖော်ထုတ်ရေးသားသူ CSILA နဲ့ ဆမွီထဲမ်း ဖေ့စ်ဘွတ်ခ်အကောင့်အတ်ဒ်မင် ၂ ဦးကိုရော၊ ဒီသတင်းကို ထပ်မံဖြန့်ဝေသူ ထိုင်းလူမျိုး ၁၂ ဦးကိုပါ ထိုင်းနိုင်ငံရဲ့ပုံရိပ်နဲ့ ဂုဏ်သိက္ခာထိခိုက်အောင် မဟုတ်မမှန် သတင်းဖြန့်ဝေမှု၊ ကွန်ပျူတာဥပဒေနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။ လောလောဆယ် သတင်းထပ်ဆင့်ဖြန့်ဝေသူ ထိုင်းလူမျိုး ၁၀ ဦးကို ဖမ်းဆီးထားပြီဖြစ်ပြီး CSILA အက်ဒ်မင်နဲ့ ဆမွီထဲမ်းအက်ဒ်မင်တို့မှာ နိုင်ငံခြားမှာရှိနေတဲ့အတွက် ဖမ်းဆီးလို့မရသေးဘဲ သက်ဆိုင်ရာသံရုံးကို အကြောင်းကြားထားတယ်လို့ စူရတ်ဌာနီခရိုင် ဒုရဲမှူးကြီး ချိတ်ဖုန်း ချူးပရီချာက သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင် မဟုတ်မမှန် သတင်းတိုင်ကြားသူ ဗြိတိန်မိန်းကလေး မဲမ်ကိုလည်း နာမည်ပျက်စာရင်းသွင်းပြီး ထိုင်းနိုင်ငံထဲဝင်ခွင့် ပိတ်ပင်မယ်လို့ ဆိုပါတယ်။ လက်ရှိအမေရိကန်မှာနေထိုင်သူ CSILA  အက်ဒ်မင်ကတော့ သူ့အနေနဲ့ နစ်နာသူ မိန်းကလေး တရားမျှတမှုရရေးအတွက် ရေးသားခြင်းသာဖြစ်လို့ သူ့မှာအပြစ်မရှိကြောင်း၊ လာရောက်အဖမ်းခံဖို့လည်း မရှိကြောင်း၊ ထိုင်းနိုင်ငံ တည်ငြိမ်မှုရှိတဲ့အခါမှ တရားခွင်မှာ လာရောက်ရင်ဆိုင်မယ်လို့ သည်နေးရှင်းသတင်းထောက်ကို ပြောသွားပါတယ်။ မုဒိမ်းကျင့်ခံရကြောင်း တိုင်တန်းသူ မိန်းကလေးမှာ ဆယ်ကျော်သက်ဖြစ်၍  ထိုင်းသတင်းဌာနက အမည်ရင်းကို ထိန်ချန်ထားပါတယ်။
3 years Ago

February 23, 2018

လိပ်ကျွန်းလူသတ်မှု အပြီးသတ်လျှောက်လဲချက်တင်ရန် ကြန့်ကြာနေ

ထိုင်းတောင်ပိုင်း လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၃ နှစ်ကျော်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး သေဒဏ်အပြစ်ပေးခံထားရတဲ့ မြန်မာ အလုပ်သမားလူငယ်နှစ်ဦး လွတ်မြောက်ရေး ထိုင်း-မြန်မာသံရုံးနဲ့ အလုပ်သမားကူညီရေးအဖွဲ့တွေက ဆက်လက် ကြိုးပမ်းနေပါတယ်။ မြန်မာလူငယ်နှစ်ဦးကို သေဒဏ်ကျစေခဲ့တဲ့ ထိုင်းရဲဘက်က တင်ပြခဲ့တဲ့ သက်သေအထောက်အထားတွေဟာ ခိုင်လုံမှုမရှိကြောင်း၊ မြန်မာနိုင်ငံ ဥပဒေရေးရာ ကျွမ်းကျင်သူများအဖွဲ့နဲ့ ထိုင်းလူ့အခွင့်အရေးဆိုင်ရာ ရှေ့နေများကောင်စီက အမှုတွဲကို ပြန်လည်လေ့လာထောက်ပြပြီး အဆင့်အမြင့်ဆုံး ဋီကာတရားရုံးထံ လျှောက်လဲ တင်ပြထားပါတယ်။ သူတို့ထောက်ပြချက်တွေကို ထိုင်းအစိုးရရှေ့နေတွေအနေနဲ့  တရားရုံးက ချိန်းဆိုထားတဲ့ နေ့ရက်အတိုင်း ပြန်လည်ခုခံချေပလျှောက်လဲချက်ပေးရမှာဖြစ်ပေမယ့် မလာရောက်နိုင်ဘဲ အကြိမ်ကြိမ် ရက်ပြန်ချိန်းဆိုနေရာမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ဆိုရင် ၆ ကြိမ်ရှိသွားပြီ ဖြစ်ပါတယ်။ မြန်မာလူငယ်နှစ်ဦးဘက်က  လျှောက်လဲတင်ပြချက်တွေဟာ စာမျက်နှာပေါင်း ၃၁၉ မျက်နှာ  အချက်ပေါင်း ၈ ချက်၊ အချက်ငယ်ပေါင်း ၅၀ ကျော်ရှိပြီး အားလုံးဟာကွက်မရှိ ပြည့်စုံလို့ အစိုးရ ရှေ့နေဘက်က ပြန်လည်ခုခံချေပဖို့ အခက်အခဲဖြစ်နေဟန်တူကြောင်း ဒီအမှုမှာ တစိုက်မတ်မတ်လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ခုလိုပြောပါတယ်။ “အဆင့်အမြင့်ဆုံးတရားရုံးက မှန်ကန်စွာဆုံးဖြတ်တယ်၊ အချက်အလက် ပြည့်စုံအောင်ယူ တယ်၊ အခုလည်း ဒီလိုပဲ အချက်အလက် ပြည့်စုံအောင်ယူဖို့အတွက်ကို ကျနော်တို့ဘက်က အယူခံလျှောက်လွှာတင်ပြီးပြီ။ ထိုင်းအစိုးရရှေ့နေဘက်က အယူခံလျှောက်လဲချက်ကို သူတို့က လက်ခံဖို့ စောင့်နေတာပါ။ နှစ်ဘက်လျှောက်လဲချက်ပေါ်မူတည်ပြီး သင့်တော်တဲ့အမိန့်ကို ချဖို့ပါ။ မှန်ကန်စွာ အမိန့်ချနိုင်ဖို့ နှစ်ဘက်စာရွက်စာတမ်းစောင့်တဲ့သဘောပါ။ နောက်တခုက အစိုးရရှေ့နေဘက်ကည်း ကျနော်တို့ရဲ့ စာမျက်နှာ ၃၁၉ မျက်နှာ အချက်ပေါင်း ၈ ချက်၊ အချက်ငယ်ပေါင်း ၅၀ ကျော်နဲ့ တင်ပြထားတဲ့ဟာမှာလည်း  အားလုံးဟာကွက်မရှိ ပြည့်စုံတဲ့အခါမှာ ပြန်လည်ခုခံချေပဖို့ အခက်အခဲဖြစ်နေဟန်လည်းရှိတဲ့ သဘောရှိပါတယ်။ ဒါကြောင့် သူတို့ရက်ချိန်းတွေဟာ ၆ ကြိမ်မြောက်ထိ ချိန်းရခြင်းဖြစ်ပါတယ်။” အစိုးရရှေ့နေဘက်က မနေ့ကရုံးချိန်းမှာ  ခုခံချေပလျှောက်လဲချက်မတင်နိုင်လို့ ရှေ့ လာမယ့် မတ်လ ၂၃ ရက်နေ့ထိ နောက်ထပ်တစ်လ ချိန်းဆိုလိုက်တယ်လို့ သူကဆက်ပြောပါတယ်။ အစိုးရရှေ့နေတွေဘက်က ဘယ်နှကြိမ်ထိ ထပ်မံရက်ရွှေ့ချိန်းဆိုခွင့်ရှိသလဲ ဆိုတာတော့ သက်ဆိုင်ရာ တရားသူကြီးပေါ်မှာ မူတည်ကြောင်း၊ သူ့အနေနဲ့တော့  အဆင့်မြင့်တရားရုံးအနေနဲ့ နောက်ထပ်အကြိမ်များစွာ ရက်ရွှေ့ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ ယုံကြည်ကြောင်း ဦးအောင်မျိုး သန့်က ပြောပါတယ်။ ဗြိတိန်နိုင်ငံသား၂ ဦး အသတ်ခံရမှုမှာ မုဒိမ်းကျင့်ခံရသူအမျိုးသမီးရဲ့ ဒီအန်အေစစ်ဆေးချက် ခိုင်လုံစနစ်ကျမှုမရှိခြင်း၊ သက်သေခံပစ္စည်းသိမ်းဆည်းရာမှာ လုပ်ထုံးလုပ်နည်းနဲ့ မညီခြင်း၊ လူသတ်ရာမှာ အသုံးပြုတဲ့ ပေါက်တူးလက်ကိုင်ရိုးပေါ်မှ ဒီအန်အေမှာ  မြန်မာလူငယ်နှစ်ဦး ဒီအန်အေနှင့်မတူညီခြင်း၊  လူငယ် နှစ်ဦး ဖတ်ရှုနားမလည်တဲ့ ထိုင်းလိုရေးသားထားတဲ့ ၀န်ခံချက်မှာ လက်မှတ်ထိုးစေခြင်း အစရှိတဲ့ သံသယဖြစ်ဖွယ်အချက်တွေ များစွာပါဝင်နေပါတယ်။ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက အဖမ်းခံရပြီး ၂၀၁၅ ဒီဇင်ဘာလမှာ သေဒဏ်စီရင်ခံခဲ့ရကာ လောလောဆယ် နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။
3 years Ago
More News
Up