လိပ်ကျွန်းအမှု

January 7, 2019

လိပ်ကျွန်းအမှု ထိုင်းဘုရင်ထံ အသနားခံစာတင်ရန် စီစဉ်

လိပ်ကျွန်းလူသတ်မှုနဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာလူငယ် ၂ ဦးအတွက် ထိုင်းဘုရင်ထံ အသနားခံစာတင်သွားဖို့ စီစဉ်ထားတယ်လို့ အမှုမှာ မြန်မာသံရုံးကိုယ်စားလှယ်အဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့အတွက် အမြင့်ဆုံးဋီကာတရားရုံးမှာ နောက်ဆုံး အယူခံဝင်ထားတာနဲ့ပတ်သက်လို့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေပြီး ခုလို စီစဉ်ထားတာလို့ ပြောပါတယ်။ “ကျနော်တို့ကတော့ အဲ့ဒီဟာနဲ့ပတ်သက်လို့ ကောင်းဆုံး မျှော်လင့်ထားပါတယ်။ ဒါပေမယ့် တကယ်လို့များ ပြစ်ဒဏ်က နဂိုအတိုင်း ဖြစ်မယ်ဆိုရင်လည်း ထိုင်းဘုရင်မင်းမြတ်ဆီကို အသနားခံဖို့အတွက် ထိုင်းရှေ့နေများကောင်စီနဲ့ မြန်မာသံရုံးနဲ့ ညှိနှိုင်းဆွေးနွေးပြီး ဖြစ်ပါတယ်။” မြန်မာလူငယ်နှစ်ဦးရဲ့ သေဒဏ်အတွက် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ မတ်လ ၂၂ ရက်ကတည်းက နောက်ဆုံး အယူခံလွှာတင်ထားခဲ့ပေမယ့် ၁ နှစ်ခန့်ကြာတဲ့အထိ တရားရုံးဆုံးဖြတ်ချက် ကျမလာသေးတာ ဖြစ်ပါတယ်။ ဇန်န၀ါရီ ၇ ရက်မှာ မြန်မာသံရုံးက သံမှူးကြီး ဦးအောင်သူရ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ၊ နွန်ထဘူရီ ဘန်ခွင် အကျဉ်းဦးစီးဌာနမှာ လူသတ်မှုနဲ့ အကျဉ်းကျခံနေရတဲ့ မြန်မာလူငယ် ၂ ဦးကို သွားရောက်တွေ့ဆုံပြီး အားပေးစကားပြောခဲ့ကြပါတယ်။ ဒါ့အပြင် နွန်ထဘူရီ ဘန်ခွင် အကျဉ်းဦးစီးဌာနမှာ သေဒဏ်ပေးခံထားရတဲ့ တခြား မြန်မာလူငယ် ၇ ဦးကိုလည်း အလားတူ အားပေးစကားပြောပြီး လိုအပ်တာတွေ ကူညီထောက်ပံ့ပေးခဲ့ကြပါတယ်။ မြန်မာလူငယ် ၂ ဦးဖြစ်တဲ့ ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ ၂ ဦးဟာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ် အောက်တိုဘာလဆန်းကတည်းက အဖမ်းခံရပြီး ၂၀၁၅ ဒီဇင်ဘာလမှာ သေဒဏ်စီရင်ခံခဲ့ရကာ လောလောဆယ် နွန်ထပူရီခရိုင် ဘန်ခွမ်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။
3 years Ago

December 10, 2016

လိပ်ကျွန်းအမှု မြန်မာလူငယ် ၂ ဦး အယူခံ နှစ်ဆန်းတွင် အမိန့်ချမည်

ထိုင်းအယူခံတရားရုံးက မြန်မာနိုင်ငံသား ဇော်လင်း နဲ့ ၀င်းဇော်ထွန်း တို့ ၂ ဦးတို့ရဲ့ အယူခံနဲ့ပတ်သက်ပြီး ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှာ အမိန့်ချမှတ်တော့မယ်လို့ အမှုမှာ လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ အယူခံကို နောက်ဆုံးလျှောက်လဲချက်ပေးရမယ့် အစိုးရရှေ့နေတွေ လျှောက်လဲချက် လာမပေးတဲ့အတွက် တရားရုံးလုပ်ပိုင်ခွင့်နဲ့ ရှေနှစ်ဆန်း အမိန့်ချမှာဖြစ်ပါတယ်။ “အစိုးရ ရှေ့နေတွေဟာ အယူခံတွေနဲ့ပတ်သက်လို့ နောက်ဆုံးလျှောက်လဲချက် ပေးရပါတယ်။ ဒါကို ပေးဖို့ နှောင့်နှေးနေတဲ့အတွက် တရားရုံးက စာပို့ပြီး သူတို့ကို တောင်းဆိုခဲ့တယ်။ အစိုးရရှေ့နေဘက်က နောက်ဆုံးလျှောက်လဲချက် တင်နိုင်သည်ဖြစ်စေ၊ မတင်နိုင်သည်ဖြစ်စေ တရားရုံးရဲ့ လုပ်ပိုင်ခွင့်အရ ဆက်လက်ဆောင်ရွက်ပြီးတော့ အခု ၂၀၁၇ နှစ်ဆန်းပိုင်းလောက်ကို အမိန့်ချမယ်ဆိုတာ သိရတာပါ။” မြန်မာနိုင်ငံသား ဇော်လင်း နဲ့ ၀င်းဇော်ထွန်း တို့ ၂ ဦးဟာ ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်းခေါ် လိပ်ကျွန်းမှာ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး  သေဒဏ်အပြစ်ပေးခံထားရတာပါ။ ဒီလူသတ်မှုမှာ မြန်မာလူငယ် ၂ ဦးက မကျူးလွန်ရဘဲ ရိုက်နှက်စစ်ဆေးမှုကြောင့် ၀န်ခံရတာလို့ ဖြေဆိုခဲ့သလို ရဲတပ်ဖွဲ့က တင်ပြတဲ့ သက်သေအထောက်အထားတွေ ခိုင်လုံမှုမရှိတာကြောင့် မြန်မာလူငယ် ၂ ဦးရဲ့ ရှေ့နေတွေက အထက်တရားရုံးကို အယူခံပြန်တင်ထားတာလည်း ဖြစ်ပါတယ်။ ရှေနေ ဦးအောင်မျိုးသန့်ကတော့ ထိုင်းနိုင်ငံက အထက်တရားရုံးတွေဟာ မှန်မှန်ကန်ကန် ဆုံးဖြတ်လေ့ရှိတာမို့ မြန်မာကလေး ၂ ဦး ပြန်လွတ်နိုင်တယ်လို့ ယုံကြည်နေပါတယ်။ “ထိုင်းနိုင်ငံမှာ အထက်တရားရုံးတွေက မှန်ကန်စွာ ဆောင်ရွက်တတ်တဲ့ အလေ့အထရှိတယ်ဆိုတာကို ကျနော် လေ့လာထား သိရှိထားပါတယ်။ ဒါကြောင့်မို့ အထက်တရားရုံးတွေကသာ ဥပဒေအတိုင်း ဆောင်ရွက်ပေးမယ်ဆိုရင် ကျနော်တို့ ကလေးတွေဟာ အပြစ်က လွတ်နိုင်လောက်တဲ့အနေအထား ရှိတယ်ဆိုတာကို ကျနော် ယုံကြည်ပါတယ်။”
5 years Ago
Up