လိဒ်တိုက်စစ်မှူး

November 4, 2020

လိဒ်တိုက်စစ်မှူး ရိုဒရီဂို ကိုဗစ်-၁၉ ကူးစက်ခံရ

လိဒ်တိုက်စစ်မှူး ရိုဒရီဂိုဟာ ကိုဗစ်-၁၉ ကူးစက်ခံထားရပြီး လက်ရှိအချိန်မှာ သီးသန့်ခွဲခြား နေထိုင်နေပြီလို့  လိဒ်ယူနိုက်တက်အသင်းက အတည်ပြုပြောပါတယ်။  လက်စတာကို ၄ ဂိုး ၁ ဂိုးနဲ့ရှုံးတဲ့ လိဒ်အသင်းရဲ့ လူစာရင်းကနေ ရိုဒရီဂို နုတ်ထွက်သွားခဲ့ပြီး နောက်တစ်နေ့မှာ ပြောကြားလိုက်တာဖြစ်ပြီး တိုက်စစ်မှူးဟာ ပိုးရှိတဲ့ လူတစ်ဦးနဲ့ အနီးကပ်ထိတွေ့ခဲ့ရာကနေ ရောဂါကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ “ပရီးမီးယားလိဂ်နဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်တွေနဲ့အညီ အခုချိန်မှာ သူ့ကို အသင်းနဲ့ သီးသန့်ခွဲခြားနေထိုင်စေပါတယ်” လို့ လိဒ်အသင်းက ထုတ်ပြန်ပါတယ်။ အသက် ၂၉ နှစ်အရွယ် ကစားသမားကလည်း သူ့ရဲ့ကျန်းမာရေးအခြေအနေကို အင်စတာဂရမ်ကနေတဆင့် ထုတ်ပြန်ကြေညာပါတယ်။ “ပိုးရှိနေတာကို သတိမထားမိတဲ့ မိသားစုဝင်တစ်ဦးကနေတဆင့် ကျနော် ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပါတယ်။ သတ်မှတ်ချက်တွေနဲ့အညီ ကွာရန်တင်းဝင်ရောက်နေပြီး ခရစ္စတယ်ပဲလေ့စ်နဲ့ လာမယ့်ပွဲစဉ်ကို လွဲချော်ရမှာ ဖြစ်ပါတယ်” လို့ ရိုဒရီဂိုက ပြောပါတယ်။  “ကျနော် အပါအဝင် မိသားစုဝင်အားလုံး ကျန်းမာရေးအကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ ကျနော်တို့ ကျန်းမာရေးကောင်းမွန်နေတာ ကံကောင်းမှုဖြစ်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အကောင်းမြင်သဘောထားသာ ထားရှိပါတယ်။ လိဒ်နဲ့ စပိန်အသင်းတို့ကို အိမ်ကနေ ပရိသတ်တစ်ဦးအဖြစ် အားပေးနေပါမယ်။ ကျနော့်ကို အားပေးခဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်။ မကြာခင် ကွင်းထဲ ပြန်လာခဲ့ပါ့မယ်” လို့လည်း ကစားသမားက ပြောပါတယ်ေ ရိုဒရီဂိုဟာ ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ယူရိုသန်း ၃၀ နဲ့ ဗလင်စီယာအသင်းကနေ လိဒ်အသင်းကို ရောက်ရှိလာခဲ့သူဖြစ်ပြီး လိဒ်အသင်းနဲ့အတူ ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ သူဟာ လိဒ်အသင်းအတွက် ၇ ပွဲ ကစားကာ ၁ ဂိုး သွင်းယူးပေးထားသူလည်း ဖြစ်ပါတယ်။ ရိုဒရီဂိုအနေနဲ့ နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင် ကစားမယ့် လိဒ်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ရဲ့ ပွဲစဉ်ကို လွဲချော်ဖို့ရှိနေပြီး စပိန်အသင်းရဲ့ နိုင်ငံတကာပွဲ ၃ ပွဲစလုံးကိုလည်း လွဲချော်ရတော့မှာ ဖြစ်ပါတယ်။  ကစားသမားဟာ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ပြန်လည်စတင်မယ့် လိဒ်နဲ့ အာဆင်နယ်အသင်းတို့ ပွဲမှာ ပြန်ကစားနိုင်မယ်လို့ ယူဆရပါတယ်။
1 year Ago
Up