လိဒ်ယူနိုက်တက်

May 10, 2018

လိဒ်နည်းပြနှင့် ကစားသမားများ မြန်မာကစားသမား ၂၅၀ ကို အခြေခံဘောလုံးပညာ မျှဝေ (ဓာတ်ပုံ)

လိဒ်ယူနိုက်တက် ဖောင်ဒေးရှင်း လူငယ်ဘောလုံးလေ့ကျင့်ရေး အစီအစဉ်ကို မြန်မာလူငယ်ကစားသမား ၂၅၀ လေ့လာသင်ယူခဲ့တယ်လို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ လိဒ်ယူနိုက်တက်အသင်းတို့ ပူးပေါင်းကျင်းပတဲ့ လူငယ်ဘောလုံး လေ့ကျင့်သင်ကြားရေး အစီအစဉ် The Leeds United Foundation Kids Football Clinic ကို ဒီနေ့မနက်ပိုင်းက မြန်မာအမျိုးသား ဘောလုံးအကယ်ဒမီမှာ ကျင်းပခဲ့တာပါ။ လိဒ်အသင်းနည်းပြတွေနဲ့ ကစားသမားတွေက မြန်မာကစားသမား ၂၅၀ ကို အခြေခံ ဘောလုံးပညာတွေ မျှဝေသင်ကြားပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊ ဗြိတိန်သံအမတ် အင်ဒရူးပက်ထရစ်၊ လိဒ်ယူနိုက်တက်အသင်းပိုင်ရှင် ရာဒရစ်ဇာနီနဲ့ ကစားသမားတွေ တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ - MFF  
3 years Ago

မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းက လိဒ်ယူနိုက်တက်ကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင် (ဓာတ်ပုံ)

AYA Bank Tour 2018 အဖြစ် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်နဲ့ မြန်မာနေရှင်နယ်လိဂ်က ကစားသမားတွေ စုစည်းထားတဲ့ ညွန့်ပေါင်းအသင်းတို့ မနေ့ညနေက ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ရာ ညွန့်ပေါင်းအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲချိန် ၂၁ မှာ မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းအတွက် ဂျိုးဇက်က အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ၂၅ မိနစ်မှာ လိဒ်ယူနိုက်တက် အသင်းခေါင်းဆောင် Samuel Saiz Alonso က ချေပဂိုး ပြန်သွင်းခဲ့လို့ ပထမပိုင်းမှာ တဂိုးစီ သရေကျခဲ့ပါတယ်။ ဒီနောက် နှစ်ဖက် အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၆၃ မိနစ်မှာ ညွန့်ပေါင်းအသင်း ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး တိုက်စစ်မှူး ခရစ္စတိုဖာ အမှားအယွင်မရှိ ကန်သွင်းခဲ့လို့ နေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာပါ။ လိဒ်ယူနိုက်တက်ဟာ ဒုတိယခြေစမ်းပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ မေလ ၁၁ ရက်နေ့ မန္တလေးမြို့မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - လွှမ်းမိုးအောင်  
3 years Ago

May 9, 2018

ခြေစမ်းပွဲများ ယှဉ်ပြိုင်မည့် လိဒ်ယူနိုက်တက်အသင်း ရောက်ရှိ

မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်း၊ မြန်မာ့လက်ရွေးစင်အသင်းတို့နဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမယ့် အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းဟာ မနေ့ညနေ ၅ နာရီခွဲလောက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာခဲ့ပါတယ်။ AYA Bank Tour 2018 အဖြစ် ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်ယူနိုက်တက်အသင်းက ခြေစမ်းပွဲတွေ လာရောက်ကစားတာလည်း ဖြစ်ပါတယ်။ လိဒ်ယူနိုက်တက်အသင်းဟာ မေလ ၉  ရက်နေ့ ညနေ ၆ နာရီ သုဝဏ္ဏဘောလုံးကွင်းမှာ မြန်မာနေရှင်နယ်လိဂ် ညွန့်ပေါင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး မန္တလေးမြို့ မန္တလာသီရိကွင်းမှာ မေလ ၁၁ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ပွဲဝင်ကြေးတွေအဖြစ် ၂၀၀၀၊ ၃၀၀၀၊ ၄၀၀၀ သတ်မှတ်ထားပြီး ပြိုင်ပွဲမတိုင်ခင် တပတ်အလိုလောက်ကတည်းက လက်မှတ်တွေ ကြိုတင်ရောင်းချထားတယ်လို့ သိရပါတယ်။
3 years Ago
More News
Up