လိင်ပိုင်းနှောင့်ယှက်မှု

August 11, 2021

လိင်ပိုင်းနှောင့်ယှက်မှု စစ်ဆေးခံရသည့် နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး နုတ်ထွက်

အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှူး အန်ဒရူးကွာမိုဟာ အမျိုးသမီး ၁၁ ယောက်ကို လိင်ပိုင်း နှောင့်ယှက်ခဲ့တယ်ဆိုတာ ကနဦး စုံစမ်းစစ်ဆေးချက်အရ တွေ့ရှိခဲ့အပြီး သြဂုတ် ၁၀ ရက်မှာ ရာထူးကနေ နုတ်ထွက်သွားပါတယ်။

မိနစ် ၂၀ ကြာ ရုပ်သံမိန့်ခွန်းအတွင်း အသက် ၆၃ နှစ်အရွယ် ကွာမိုက သူ့နုတ်ထွက်မှုဟာ ၁၄ ရက်အတွင်း သက်ရောက်မယ်လို့ ပြောပါတယ်။

အမေရိကန် သမ္မတလောင်း ကိုယ်စားလှယ် ဖြစ်နိုင်ခြေရှိတယ်လို့ ရှုမြင်ခံရတဲ့ အမျိုးသား တယောက်ရဲ့ ကျဆုံးခန်းလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

ကွာမိုက သူ ဘာအမှားမှ မလုပ်ထားဘူးလို့ ထပ်ငြင်းခဲ့ပေမယ့် ပျော်စရာ ရယ်စရာသဘောနဲ့ ဖြစ်စေ၊ ချစ်ခင်အောင် ကြိုးစားတဲ့အနေနဲ့ ဖြစ်စေ အမျိုးသမီးတွေကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်ခဲ့တဲ့အတွက် အပြည့်အဝ တာဝန်ယူမယ်လို့ သူက ပြောပါတယ်။

စာမျက်နှာ ၁၆၈ မျက်နှာပါတဲ့ အစီရင်ခံစာထဲမှာ အသေးစိတ် ဖော်ပြထားတဲ့ စုံစမ်းစစ်ဆေးချက် အရ ကွာမိုဟာ လက်ရှိနဲ့ အရင်က အစိုးရဝန်ထမ်းတွေ အပါအဝင် အမျိုးသမီးတွေကို နမ်းတာ ဒါမှမဟုတ် အထာပေးတာ၊ မဖွယ်မရာ ကိုင်တွယ်သုံးသပ်တာတွေ လုပ်ခဲ့တယ်ဆိုတာ ဖော်ပြထားပါတယ်။

ပြည်နယ်ရဲ့ အခြေခံဥပဒေအရ ၂၀၂၂ ဒီဇင်ဘာမှာ ကွာမိုရဲ့ သက်တမ်း အဆုံးသတ်တဲ့အထိ လူဦးရေ ၁၉ သန်းကျော်ရှိတဲ့ နယူးယောက်ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးအဖြစ် အသက် ၆၂ နှစ်အရွယ် ဒုအုပ်ချုပ်ရေးမှူး ကေသီဟိုကိုက တာဝန်ယူမှာဖြစ်ပြီး သူဟာ ဒီတာဝန်ကို ထမ်းဆောင်တဲ့ ပထမဆုံးအမျိုးသမီး ဖြစ်လာမယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

4 months Ago
Up