ကနေဒါနိုင်ငံသူ မော်ဒယ်မိန်းကလေး ဂီဂီဂျောဂျီးရပ်စ်ဟာ လိင်အင်္ဂါပြောင်းလဲထားသူ ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒူဘိုင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သြဂုတ် ၉ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ တယ်လီဂရပ်ဖ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
အသက် ၂၄ နှစ်အရွယ် ဂီဂီရဲ့လိင်အင်္ဂါ ပြောင်းလဲပြီးနောက် ဘ၀ဖြစ်စဉ်ကို လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှတဆင့် ဒူဘိုင်း ပြည်ဝင်ခွင့်ဆိုင်ရာ ဗီဇာရုံးက သိရှိခဲ့ပြီးနောက် ပြည်ဝင်ခွင့် ရပ်ဆိုင်းလိုက်တာပါ။
"လိင်အင်္ဂါပြောင်းလဲထားသူတယောက် ဖြစ်တဲ့အတွက် နိုင်ငံထဲကို ၀င်ခွင့်မပြုနိုင်ဘူးလို့ လူဝင်မှုကြီးကြပ်ရေး အရာရှိက ကျမကို ပြောခဲ့တာပါ” လို့ ဂီဂီက ပြောပါတယ်။
သူဟာ ဂရီဂိုရီ အယ်လန် လက်ဇာရာတို အမည်နဲ့ မွေးဖွားလာခဲ့တာဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ လိင်ပြောင်းအမျိုးသမီးတဦးအဖြစ် သူ့ကိုယ်သူ ထုတ်ပြန်ကြေညာလိုက်တာပါ။
သူဟာ ၂၀၀၈ ခုနှစ်ကတည်းက ယူကျု အင်တာနက်စာမျက်နှာတွေပေါ်မှာ မိတ်ကပ်လိမ်းခြယ်ပုံ အဆင့်ဆင့်ကို ရုပ်သံဗွီဒီယိုဖိုင်တွေမှတဆင့် မျှဝေခဲ့ရာကနေ ဖက်ရှင်ကျတဲ့ သူ့ရဲ့ ဘ၀နေထိုင်မှုစတိုင်ဟာ လူသိများလာခဲ့တယ်လို့ ဆိုပါတယ်။
၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာတော့ အမေရိကန် နာမည်ကျော် မော်ဒယ်နဲ့ ရုပ်သံအစီအစဉ်တင်ဆက်သူ ကိုင်လီဂျန်နာနဲ့ တွဲဖက်ပြီး ရုပ်သံဗွီဒီယိုပေါင်းများစွာမှာ မိတ်ကပ်လိမ်းခြယ် သရုပ်ပြမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၁၄ ခုနှစ်၊ မတ်လမှာတော့ သူ့ရဲ့နာမည်ကို ဂီဂီ လော်ရန် လက်ဇာရာတိုလို့ တရားဝင် ပြောင်းလဲခဲ့တာပါ။
ဒူဘိုင်းလေဆိပ် ရဲအရာရှိတွေကတော့ သူ့ရဲ့ နိုင်ငံကူးလက်မှတ်မှာ အမျိုးသားတဦးလို့ ဖော်ပြထားပြီး ဓာတ်ပုံမှာလည်း အမျိုးသားပုံ ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဂီဂီကတော့ လေဆိပ်ရဲအရာရှိတွေရဲ့ အခိုင်အမာ ပြောဆိုမှုကို ငြင်းဆန်ခဲ့ပါတယ်။
လက်ရှိမှာတော့ သူ့ရဲ့ နိုင်ငံကူးလက်မှတ်ဟာ ဒူဘိုင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ လက်ထဲမှာပဲ ရှိနေပြီး နိုင်ငံတွင်းမှ အမြန်ဆုံးပြန်လည်ထွက်ခွာဖို့ ကြိုးစားနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဂီဂီဟာ ၂၀၁၅ ခုနှစ်ရဲ့ MTV Video Music Awards အခမ်းအနားမှာ တင်ဆက်သူတဦးအဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့ ယူကျု ချန်နယ်လ်မှာတော့ ပရိသတ်တွေ ၀င်ရောက်ကြည့်ရှုတဲ့ အကြိမ်ရေ သန်း ၂၉၀ နီးပါး ရှိနေတာပါ။
ဒူဘိုင်းမှာ အမျိုးသားတဦးဟာ အမျိုးသမီးလို တုပ၀တ်ဆင်တာ တရားမ၀င်တဲ့ ပြစ်မှုကျူးလွန်တာမျိုးဖြစ်ပြီး ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ်ထိ ကျခံရနိုင်တယ်လို့ တီအမ်ဇက် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
5 years Ago