ထိုင်းနိုင်ငံမှာ အုပ်စုဖွဲ့ အနိုင်ကျင့်ခံရပြီး လမ်းမပေါ်မှာ လိင်အလုပ်သမားအဖြစ် စေခိုင်းခံရတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတဦးကို ရဲတွေက ကယ်တင်နိုင်ခဲ့ပြီး ခိုင်းစေခဲ့သူ အမျိုးသမီးကိုလည်း ဖမ်းဆီးနိုင်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၈ ရက် ညသန်းခေါင်အချိန် အခင်းဖြစ်တဲ့နေရာဆီ ရဲတွေရောက်ရှိလာချိန်မှာ အဲဒီမိန်းကလေးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ထိခိုက်ဒဏ်ရာတွေနဲ့အတူ တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
မိန်းကလေးရဲ့ နာမည်ကိုတော့ ရဲတွေက ထုတ်ဖော်မပြောဘဲ သူဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ သြဂုတ်လတည်းက အိမ်ကထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ အသက် ၃၇ နှစ်အရွယ် ဖခင်ဖြစ်သူက ပြောပါတယ်။
မိန်းကလေးဟာ မိဘတွေဆီဖုန်းဆက်ပြီး အကြောင်းကြားခဲ့တဲ့အတွက် ရဲစခန်းဆီ ဖုန်းဆက်တိုင်ကြားခဲ့ပြီးနောက် သူ့ကို ရှာဖွေခဲ့ရာမှာ သန်ရာဘူရီခရိုင်ထဲမှ အိမ်ရာဝင်းပြင်ပမှာ တွေ့ရှိခဲ့ကြတာပါ။
မိန်းကလေးကို ရိုက်နှက်ခိုင်းစေခဲ့တဲ့ အသက် ၂၉ နှစ်အရွယ် ဆူပလက် ပွန်ဂျန် အမည်ရတဲ့ အမျိုးသမီးကိုတော့ ရဲတွေက ပရာတူနမ် ချူလာလောင်ကွန်ရဲစခန်းဆီ ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေပါတယ်။
မိန်းကလေးဟာ ပထုံဌာနီခရိုင်၊ ရန်ဂျစ်စ်ဧရိယာတဝိုက် လမ်းမပေါ်မှ ဆိုင်ကယ်သမားတွေကို အဓိကဦးတည်ပြီး ဆွဲဆောင်ကာ လိင်ပိုင်းဆိုင်ရာ ဖျော်ဖြေခဲ့ရတာလို့ ဆိုပါတယ်။
အဲဒီနေ့ကတော့ သူဟာ ငြင်းဆန်ခဲ့တဲ့အတွက် ဆူပလက်နဲ့ သူ့ရဲ့ အပေါင်းပါတွေက ရိုက်နှက်ခဲ့ကြတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
မိန်းကလေးက သူဟာ ဆူပလက် အလုပ်လုပ်တဲ့ စားသောက်ဆိုင်တဆိုင်မှာ ခုံနေရာလွတ်မရှိတဲ့အတွက် ထိုင်စောင့်နေချိန် စတင်တွေ့ရှိခဲ့ကြပြီးနောက် သူ့ကို လိင်အရောင်းအဝယ်လောကထဲ ဆွဲဆောင် ခေါ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ဆူပလက်နဲ့အဖွဲ့ဟာ မိန်းကလေးကို ဖောက်သည်တဦးဆီ တကြိမ်မှာ ဘတ်ငွေ ၁၀၀၀ နဲ့ ၁၅၀၀ ကြားဈေးနှုန်းနဲ့ ဈေးဖြတ်ပြီး မိန်းကလေးကိုတော့ ဘတ်ငွေ ၅၀၀ သာ ပေးခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
နောက်ပိုင်းမှာ သူက မလုပ်ချင်တော့ဘဲ စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်ဖို့ ထွက်ပြေးခဲ့ချိန်မှာတော့ ဆူပလက်နဲ့အဖွဲ့ဟာ သူ့ဆီရောက်လာခဲ့ပြီး ဒေါသတကြီးနဲ့ ဆံပင်တွေကို ဆောင့်ဆွဲပြီး ရိုက်နှက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ ရဲတွေက ဆူပလက်ကို ဖမ်းဆီးထားပြီး အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
6 years Ago