လိင်အင်္ဂါ၊ ခြေလက်အပိုများဖြင့် မွေးလာသည့် ကလေးငယ်အား အသတ်ခံရမည့်ဘေးမှ ကယ်တင်

August 4, 2017

လိင်အင်္ဂါ၊ ခြေလက်အပိုများဖြင့် မွေးလာသည့် ကလေးငယ်အား အသတ်ခံရမည့်ဘေးမှ ကယ်တင် (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ လိင်အင်္ဂါ၊ ခြေလက်အင်္ဂါအပိုတွေနဲ့ မွေးဖွားလာခဲ့တဲ့ ကလေးငယ်တဦးကို ဆွေမျိုးသားချင်းတွေက သတ်ပစ်ပြီး မြစ်ထဲမျှောချဖို့ ကြံစည်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ဆရာဝန်တွေက ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ အိန္ဒိယနိုင်ငံမြောက်ပိုင်း ပင်ဒ်ဝါယာဒေသတွင်းက ကျေးရွာတရွာမှာ ဖြစ်ခဲ့တာလို့ ဒေးလီးမေးလ်သတင်းမှာ သြဂုတ် ၃ ရက်နေ့က ဖော်ပြပါတယ်။ အသက် ၂၂ နှစ်အရွယ် ခူလီဘိုင်ဟာ သားယောက်ျားလေးတဦးကို ခုလို ထူးဆန်းတဲ့ အခြေအနေနဲ့ မွေးဖွားလာခဲ့ချိန်မှာ ရုတ်တရက် အံ့သြထိတ်လန့်သွားကာ ဆွေမျိုးသားချင်းတွေက ကလေးကို သတ်ပစ်ပြီး မြစ်ထဲမျှောချလိုက်ဖို့ စီစဉ်ခဲ့ကြတာပါ။ ဒီသတင်းဟာ အနီးနား ပျံ့နှံ့သွားခဲ့ပြီး ကံကောင်းထောက်မစွာပဲ ပင်ဒ်ဝါယာဆေးရုံမှာ အလုပ်လုပ်တဲ့ အသက် ၃၅ အရွယ် ဘာရက်တ် ပေါလ်ဒန်ဒါဆီ ရောက်သွားခဲ့တာပါ။ သူက အလျှင်အမြန်ပဲ ဘာမှမကျူးလွန်နိုင်ခင် ကလေးနဲ့ မိခင်ဖြစ်သူကိုပါ လူနာတင်ယာဉ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားနိုင်ခဲ့တာပါ။ ဒန်ဒါက “ကျနော် ဒီသတင်းကြားကြားချင်း တော်တော်ထိတ်လန့်သွားခဲ့တယ်။ ကျနော်တို့ ရောက်သွားချိန်မှာ ကလေးရဲ့အခြေအနေက အရေးပေါ်ကုသပေးဖို့ လိုအပ်နေလို့ အမြန်ခေါ်သွားခဲ့ရတာပါ” လို့ ပြောပါတယ်။ အဲဒီနောက်တော့ ကလေးငယ်ကို ပင်ဒ်ဝါယာဒေသနဲ့ ၄၅၀ ကီလိုမီတာဝေးတဲ့ ဂျေပါရ်ဒေသ အစိုးရဆေးရုံဆီ ဆက်လက်ပို့ဆောင် ကုသပေးခဲ့ရပါတယ်။ ဒါဟာ အမြွှာအဖြစ် သန္ဓေသားတဦးဆီမှာ တွယ်ကပ်လျက်သား အခြေအနေနဲ့ မွေးဖွားလာခဲ့တာဖြစ်ပြီး ခွဲစိတ်ဆရာဝန် ၄ ဦးပါဝင်တဲ့ အဖွဲ့က အောင်အောင်မြင်မြင်နဲ့ ခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။ ကလေးအထူးကုသမားတော် ဒေါက်တာ ပါဗီးန်မက်သာက “ကလေးငယ်မှာ ခြေထောက် ၄ ချောင်း၊ လက် ၃ ဘက်နဲ့ လိင်အင်္ဂါ ၂ ခု ပါနေခဲ့တာပါ။ သူ့ရဲ့ အမြွှာက ထပ်မဖွံ့ဖြိုးလာတော့ဘဲ တွယ်ဆက်လျက်သား မွေးလာခဲ့တာပါ။ အတွင်းပိုင်း ကျန်းမာရေးပြဿနာ မရှိပေမယ့် သူ့ကို ခွဲထုတ်လိုက်မှ အဆင်ပြေသွားတာပါ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ ခွဲစိတ်မှုဟာ အောင်မြင်ခဲ့ပြီး ကလေးငယ်ကိုတော့ ဆေးရုံမှာ နောက်ထပ်တပတ်လောက် စောင့်ကြပ်ကုသမှုတွေ လုပ်ဆောင်ရဦးမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up