လိင်အင်္ဂါပြောင်းလဲ

September 21, 2017

ဆေးကျောင်းသားဘဝမှ လိင်အင်္ဂါပြောင်းလဲပြီး နာမည်ကြီးကချေသည်ဖြစ်လာသူ

လူစီဖစ်ဇ်ဟာ လက်ရှိမှာတော့ နာမည်ကျော် လိင်ပြောင်းကချေသည်တဦးဖြစ်ပြီး ခုလိုအခြေအနေထိရောက်အောင် အခက်အခဲတွေကို ဘယ်လိုကျော်လွှားခဲ့ရတယ်ဆိုတာ စိတ်ဝင်စားစရာပါပဲ။ သူဟာ ဆေးကျောင်းသားတဦးဖြစ်ခဲ့ပြီး ဒါကိုချန်ထားခဲ့ကာ ဘဝအသစ်တခုကို စတင်ဖို့ဆိုတာ တော်တော့်ကို ခက်ခဲနေပါလိမ့်မယ်။ သူ့အကြောင်းကို ပုံဖော်ရိုက်ကူးထားခဲ့တဲ့ Lucy:My Transgender Life ဆိုတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်ကားဟာ နယူးရီနေးဆန့် ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး သရုပ်ပြနိုင်မှုဆု ရရှိခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ်။ ဒီဘဝမတိုင်ခင်ကတော့ သူဟာ လန်ဒန်မြို့မှာ ဆေးကျောင်းသားတယောက် ဖြစ်ခဲ့တာပါ။ အရွယ်ရောက်ချိန် သူ့ရဲ့ခန္ဓာကိုယ် ပြောင်းလဲမှုတွေ ဖြစ်လာချိန်မှာ ဒါကို ပြောင်းလဲသွားဖို့ မတတ်နိုင်ခဲ့ဘဲ သူ့အတွက် မိခင်ဖြစ်သူနဲ့ ဆက်ဆံရေးကြား တကယ့်ကို ခက်ခဲတဲ့ကာလတွေ ဖြစ်တယ်လို့ လူစီက ပြောပြခဲ့ပါတယ်။ “ကျမ လိင်ပြောင်းလဲခွဲစိတ်မှုကို လွန်ခဲ့တဲ့ ၈ နှစ်လောက်က လုပ်ခဲ့တာပေါ့။ ဒါကို စိတ်ပျက်စရာ ကောင်းလိမ့်မယ်လို့ ကျမ တွေးမထားခဲ့ဘူး။ ဒီရုပ်ရှင်ကားထဲမှာတော့ လိင်ပြောင်းလဲထားတဲ့ သူတယောက်အနေနဲ့ ဂုဏ်ယူရတဲ့ဘဝတခု ပိုင်ဆိုင်ခဲ့ပုံကို ရိုက်ကူးတင်ဆက်ထားခဲ့တာပါ” လို့ သူက ပြောပါတယ်။ ခုလို ကချေသည် အနုပညာရှင်တဦးအဖြစ် လိင်အင်္ဂါပြောင်းလဲခွဲစိတ်ပြီးနောက် ဖြတ်သန်းနိုင်မှုဟာ လူတွေကို ကူညီဖျော်ဖြေပေးနိုင်ရုံသာမကဘဲ သူ့ရဲ့ ငယ်ဘဝအိပ်မက်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ “စီဒီပေါ်မှာ ကျမရဲ့ရုပ်ပုံကို ကျမမြင်ရပြီလေ။ ဒါဟာ ငယ်ငယ်က မက်ခဲ့တဲ့အိပ်မက် တကယ့်ကို ဖြစ်လာခဲ့တာပဲ။” ဒစ္စကိုဂီတနဲ့ ဖျော်ဖြေမှုတွေ ပေါင်းစပ် သရုပ်ပြတင်ဆက်မှုတွေမှာ နာမည်ကြီးနေခဲ့တဲ့ လူစီက စပိန်မှာ သွားရောက်ဖျော်ဖြေခဲ့စဉ် ပထမဆုံး အတွေ့အကြုံကို အခုလိုပြောပါတယ်။ “ကြော်ငြာဘုတ်ပေါ်မှာ ကျမဓာတ်ပုံကို တွေ့လိုက်ရတော့… အိုး တကယ်ပဲ။ ရှင်သိတယ်မလား။ တကယ့်ကို ရူးသွားမတတ်ဘဲ။ ဒါ တကယ်ဖြစ်လာပြီဆိုတဲ့ ခံစားချက်ကို။”
4 years Ago

July 14, 2015

အမေရိကန်စစ်တပ်တွင် လိင်အင်္ဂါ ပြောင်းလဲထားသူများကို စစ်မှုထမ်းခွင့်ပေးရန် စဉ်းစား

မကြာခင် အမေရိကန်စစ်တပ်မှာ လိင်အင်္ဂါ ပြောင်းလဲခွဲစိတ်ထားသူတွေကို တရားဝင် စစ်မှုထမ်းခွင့်ပေးဖို့ စဉ်းစားသုံးသပ်နေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးက ဇူလိုင် ၁၃ ရက်နေ့က ပြောပါတယ်။ လက်ရှိ အမေရိကန်စစ်တပ်မှာ လိင်အင်္ဂါ ပြောင်းလဲသူတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေဟာ အခုခေတ်ကာလနဲ့ မကိုက်တော့ဘူးလို့ ကာကွယ်ရေးဝန်ကြီး အက်ခ်ျတွန်ကာတာက ပြောပါတယ်။ လက်တွေ့လည်း အမေရိကန်စစ်တပ် အတွင်းမှာ လိင်အင်္ဂါ ပြောင်းလဲသူတွေ အများအပြား တာဝန်ထမ်းဆောင်နေကြပြီး သူတို့ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ တယောက်နဲ့တယောက် မတူဘူးလို့ ဆိုပါတယ်။ ဒီကန့်သတ်ပိတ်ပင်တဲ့ ဥပဒေတွေကို ဖယ်ရှားလိုက်ရင် အမေရိကန်စစ်တပ်အပေါ် ဘယ်လိုထိခိုက်မှုတွေ ရှိနိုင်မလဲ ဆိုတာကို စုံစမ်းလေ့လာရေး အဖွဲ့တဖွဲ့က ၆ လကြာ သုသေတနလုပ် လေ့လာသွားမယ်လို့ ပြောပါတယ်။ လိင်အင်္ဂါပြောင်းလဲထားတဲ့သူတွေ လက်ရှိ အမေရိကန်ကြည်းတပ်၊ ရေတပ်၊ လေတပ်၊ မရိန်းတပ်ထဲမှာ အစုံရှိကြပြီး တကယ့် အမေရိကန် မျိုးချစ်တပ်ဖွဲ့ဝင်တွေ ဖြစ်ကြတယ်၊ ခေတ်လည်းမရှိ လက်တွေ့လည်းမကျ၊ တိတိကျကျလည်းမရှိတဲ့ သူတို့အပေါ် တားမြင်ပိတ်ပင်မှု ဥပဒေဟာ သူတို့ကို ထိခိုက်စေတယ်လို့ ၀န်ကြီး ကာတာက ပြောပါတယ်။ ဒီကန့်သတ်ပိတ်ပင်မှုကို ဖယ်ရှားလိုက်ပေမယ့် သူတို့ လိင်အင်္ဂါ ခွဲစိတ်စရိတ်တွေအတွက် အမေရိကန်စစ်တပ်က ထောက်ပံ့မှု ပေးမပေးကတော့ မရှင်းလင်းသေးပါဘူး။ ၂၀၁၁ ခုနှစ်က လိင်တူစိတ်ဝင်စားသူတွေကို အမေရိကန်စစ်တပ်မှာ ပွင့်ပွင့်လင်းလင်း ထမ်းဆောင်ခွင့် ပေးမှုကတော့ အောင်အောင်မြင်မြင် ဖြစ်ခဲ့ပါတယ်။ လက်ရှိ အမေရိကန်စစ်တပ်မှာတော့ လိင်အင်္ဂါပြောင်းလဲသူတွေကို စစ်တပ်က ထုတ်ပယ်မယ်ဆိုတဲ့ စည်းမျှဉ်းစည်းကမ်း ရှိပေမယ့် အများအပြားဟာ ပုန်းလျှိုးကွယ်လျှိုး ဒါမှမဟုတ် အထက်အရာရှိတွေရဲ့ နားလည်မှုနဲ့ တာဝန်ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။
6 years Ago
Up