လိင်ပိုင်းစော်ကားခံရပြီး

April 21, 2019

လိင်ပိုင်းစော်ကားခံရပြီး ကျောင်းအုပ်အမိန့်ဖြင့် မီးရှို့သတ်ခံရသည့် မိန်းကလေးအတွက် တရားမျှရေး တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျောင်းအုပ်ကြီး ဖြစ်သူရဲ့  လိင်ပိုင်းနှောင့်ယှက်မှုကို ၁၉ နှစ်အရွယ် မိန်းကလေးက  ရဲတိုင်ပြီးနောက် မိန်းကလေးဟာ ကျောင်းအုပ်အမိန့်နဲ့ မီးရှို့သတ်ခံရတယ်လို့ ရဲတပ်ဖွဲ့က ဧပြီ ၁၉ ရက်နေ့မှာ ပြောပါတယ်။ နူဆက် ဂျာဟန်ရာဖီ ဆိုသူ မိန်းကလေးကို သူတက်ရောက်ရာ ဘုရာရေးကျောင်း ခေါင်မိုးပေါ် ဖြားယောင်းခေါ်ဆောင်ပြီး အဲဒီမှာ တိုက်ခိုက်သူတွေက ရာဖီရဲ့ ရဲတိုင်မှုကို ရုပ်သိမ်းပေးဖို့ ပြောခဲ့တာပါ။ ဒါပေမယ့် ရာဖီက ရုပ်သိမ်းပေးဖို့ ငြင်းဆန်တဲ့အတွက် သူ့ကိုယ်ပေါ် ရေနံဆီလောင်း မီးရှို့ခဲ့တဲ့အတွက် ရာဖီရဲ့ ခန္ဓာကိုယ် ၈၀ ရာခိုင်နှုန်း မီးလောင်ခဲ့ပြီး ဧပြီ ၁၀ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။ မသေဆုံးမီ ရာဖီဟာ ကျောင်းအုပ်ဖြစ်သူအပေါ် စွပ်စွဲချက်တွေ ထပ်တလဲလဲပြောပြီး ဗွီဒီယိုမှတ်တမ်းလည်း တင်ခဲ့ပါတယ်။ ရာဖီက “ကျောင်းအုပ်ကြီးက သူ့ကို လိင်ပိုင်းစော်ကားခဲ့တယ်။ သူရဲ့ နောက်ဆုံးထွက်သက်အထိ တိုက်ပွဲဝင်သွားမယ်” ဆိုပြီး ပြောခဲ့ပါတယ်။ ဒါ့အပြင် သူ့ကို တိုက်ခိုက်သူ တချို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုလည်း ရာဖီဟာ ပြောသွားခဲ့ပါတယ်။ ရာဖီရဲ့ အတန်းဖော် ၃ ယောက် အပါအ၀င် လူ ၅ ယောက်ထက်မနည်း ရာဖီကို မီးမရှို့ခင်  ပုဝါနဲ့ ချုပ်နှောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့အကြီးအကဲကပြောပါတယ်။ ပြစ်မှု ကျူးလွန်သူတွေက ရာဖီ ကိုယ့်ကိုယ်ကိုာ် သေကြောင်းကြံတဲ့ပုံစံ ဖန်တီးခဲ့ပေမယ့် ချည်နှောင်ထားတဲ့ ပုဝါမီးလောင်ပြီး ရာဖီဟာ အောက်ထပ်ကို ဆင်းလာနိုင်ခဲ့တယ်လို့ အကြီးအကဲက  ပြောပါတယ်။ ရာဖီရဲ့ အစ်ကို ဖြစ်သူကလည်း ကျောင်းအုပ်ကြီးနဲ့ နီးစပ်သူတွေက ရဲတိုင်ကြားတာ ရုပ်သိမ်းဖို့ သူတို့မိသားစုကို ဖိအားပေးတာတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။ ရာဖီရဲ့ဖခင်က သမီးအတွက် တရားမျှတမှုကို တောင်းဆိုသလို မြို့တော် ဒါကာမှာလည်း တရားမျှတမှုအတွက် ဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ ဧပြီလ ၁၈ ရက်နေ့မှာတော့ ၀န်ကြီးချုပ် ရှိတ်ဟာစီနာဟာ သေဆုံးသူ မိန်းကလေးရဲ့ မိသားစုနဲ့ တွေ့ဆုံပြီး ပြစ်မှုကျူးလွန်သူတွေကို ဥပဒေနဲ့အညီ အပြစ်ပေးသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
2 years Ago
Up