လိင်ပိုင်းကျူးလွန်မှု

June 14, 2018

ကလေးများအပေါ် လိင်ပိုင်းကျူးလွန်မှုအတွက် တောင်းပန်မည်ဟု သြစတြေးလျအစိုးရ ပြော

အဖွဲ့အစည်းလိုက် ကလေးတွေအပေါ် လိင်ပိုင်းကျူးလွန်မှုတွေအတွက် နိုင်ငံအဆင့် တောင်းပန်မယ်လို့ သြစတြေးလျ အစိုးရက ပြောလိုက်ပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ အစိုးရက လည်ပတ် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေ၊ ကျောင်းတွေမှာ ကျူးလွန်တဲ့ ကလေးတွေအပေါ် လိင်ပိုင်းအလွဲသုံးစားမှု ၈၀၀၀ ကျော်အတွက် ၅ နှစ်ကြာ စုံစမ်းစစ်ဆေးအပြီးမှာ သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်က ဇွန် ၁၃ ရက်နေ့က ခုလို ပြောလိုက်တာပါ။ အဖွဲ့လိုက် ကလေးလိင်ပိုင်း အလွဲသုံးစားမှု ဓားစာခံတွေနဲ့ မိသားစုတွေကို အောက်တိုဘာ ၂၂ ရက်နေ့မှာ နိုင်ငံတော်အဆင့် တောင်းပန်မယ်လို့ သူက ပြောပါတယ်။ "တုန်လှုပ်ချောက်ချားရတဲ့ အမှန်တရားကို ကျနော်တို့ အခု ဖော်ထုတ်နိုင်ခဲ့ပြီ။ ရှေ့တိုးရဲခဲ့တဲ့ ထောင်နဲ့ချီတဲ့လူတွေရဲ့ ရဲဝံ့မှုကို ဂုဏ်ပြုဖို့ ကျနော်တို့ အစွမ်းရှိသမျှ အကုန်လုပ်မယ်" လို့ ဝန်ကြီးချုပ်က ကင်ဘာရာမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။ တော်ဝင်ကော်မရှင်လို့ခေါ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တင်ပြလာတဲ့ ထောက်ခံချက် ၁၂၂ ချက်ထဲက ၁၀၄ ချက်ကို အစိုးရက ကျင့်သုံးမယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။ ထောက်ခံချက်တွေထဲမှာ ဓားစာခံတွေကို တရားရေးနဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု ပေးဖို့လည်း ပါပါတယ်။ ကျန်တဲ့ ထောက်ခံချက် ၁၈ ရပ်ကို အစိုးရက စဉ်းစားနေဆဲပါ။ အဲဒီအချက်တွေထဲမှာ ကလေးတွေအပေါ် အလွဲသုံးစားလုပ်မှုကို အစီရင်ခံဖို့ ဘာသာရေး ခေါင်းဆောင်တွေကို ဖိအားပေးတဲ့ ဥပဒေတရပ် ပြဋ္ဌာန်းဖို့လည်း ပါပါတယ်။ အဆိုပြုဥပဒေဟာ ဖြောင့်ချက်ပေးရာမှာ နှုတ်စောင့်စည်းမှုကျင့်ဝတ်နဲ့ ကက်သလစ်ဝါဒကို သက်ဝင်ယုံကြည်မှုတွေနဲ့ ထိပ်တိုက်တွေ့မယ့် အလားအလာ ရှိနေပါတယ်။ နိုင်ငံတော်အဆင့်ရဲ့ အခန်းကဏ္ဍ ပါဝင်ပတ်သက်နေတဲ့ ထူးခြားဆိုးရွားတဲ့ ကိစ္စတွေအတွက်ပဲ နိုင်ငံတော်အဆင့် တောင်းပန်လေ့ရှိတာမို့ သြစတြေးလျ အစိုးရက ခုလို တောင်းပန်စာထုတ်ပြန်တာမျိုးဟာ ဖြစ်တောင့်ဖြစ်ခဲ့ ကိစ္စတခု ဖြစ်ပါတယ်။
3 years Ago
Up