လိင်ပိုင်းစော်ကားမှု

March 15, 2019

အိန္ဒိယ ကောလိပ်ကျောင်းသူများ လိင်ပိုင်းစော်ကားခံရမှု အမြန်အရေးယူပေးရန် ဆန္ဒပြ

အိန္ဒိယနိုင်ငံမှာ ကောလိပ်ကျောင်းသူတွေ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတဲ့ ဗွီဒီယိုတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ပြီးနောက် နိုင်ငံတောင်ပိုင်း တမီလ်နာဒူပြည်နယ်မှာ မတ် ၁၄ ရက်နေ့က အမျိုးသမီးတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ အွန်လိုင်းပေါ်ကတဆင့် ရင်းနှီးတဲ့ အမျိုးသားတစုက ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခဲ့တဲ့အပြင် ရုပ်သံပါရိုက်ကူးပြီး အဲဒီဗွီဒီယိုတွေနဲ့ ကျောင်းသူတွေကို ငွေညှစ် ခြိမ်းခြောက်ခဲ့တာပါ။ အဲဒါဟာ ကြိုတင်ကြံစည်မှု တစိတ်တဒေသ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပြီးနောက် အများပြည်သူ မကျေနပ်ချက်တွေ မြင့်တက်လာပါတယ်။ ပိုလာချီမြို့မှာ အသက် ၁၉ နှစ်အရွယ် ကျောင်းသူတဦး တိုင်ကြားလို့ ရဲတပ်ဖွဲ့က အမျိုးသားလေးဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းမိတဲ့ အမျိုးသားတွေရဲ့ လက်ကိုင်ဖုန်းတွေထဲမှာ နောက်ထပ် ဗွီဒီယိုတွေ ထပ်တွေ့ခဲ့ပြီး အဲဒီထဲမှာပါတဲ့ တခြားနစ်နာသူတွေကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေပါတယ်။ လက်ရှိအချိန်ထိ အွန်လိုင်းပေါ်ကို ပျံ့နှံလာတဲ့ ဗွီဒီယိုဖိုင် ငါးခုလောက် ရှိပါတယ်။ ရဲတပ်ဖွဲ့အနေနဲ့ အဲဒီအမှုကို လျင်လျင်မြန်မြန် ဖော်ထုတ်ပြီး နစ်နာသူတွေကို အကာအကွယ်ပေးဖို့ ဆန္ဒပြကျောင်းသူတွေနဲ့ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေဟာ ၂၀၀၇ ကနေ ၂၀၁၆ အတွင်း ၈၃ ရာခိုင်နှုန်းအထိ တဟုန်ထိုး မြင့်တက်ခဲ့ပြီး ၂၀၁၆ မှာတော့ တနာရီတိုင်းမှာ အဓ္ဓမပြုကျင့်တဲ့ တိုင်ကြားမှု လေးမှုရှိခဲ့တယ်လို့ အစိုးရ အချက်အလက်တွေက ဖော်ပြပါတယ်။
3 years Ago
Up