လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရသည့် ကလေးများအတွက် ကန်ဒေါ်လာ ၂၁၃ သန်း လျော်ကြေးပေး

February 17, 2017

လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံရသည့် ကလေးများအတွက် ကန်ဒေါ်လာ ၂၁၃ သန်း လျော်ကြေးပေး

သြစတြေးလျနိုင်ငံက ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းဟာ ၁၉၈၀ ခုနှစ်ကနေစပြီး လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံခဲ့ရတဲ့ ကလေးငယ်တွေကို အမေရိကန်ဒေါ်လာ ၂၁၃ သန်းနဲ့ညီမျတဲ့ သြစတြေးလျဒေါ်လာ ၂၇၆ သန်း လျော်ကြေးပေးလိုက်ကြောင်း တော်ဝင်ကော်မရှင် (Royal Comission) က ဖေဖော်ဝါရီ ၁၆ ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အစိုးရစုံစမ်းမှုတခုကနေ  တော်ဝင်ကော်မရှင်ကို တင်ပြခဲ့တဲ့ အစီရင်ခံစာအရ ဒါဟာ နှစ်ပေါင်း ၃၅ နှစ်အတွင်း ပထမဆုံးပေးတဲ့ လျော်ကြေးငွေ ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ခံခဲ့ရတဲ့ ကလေးငယ်တွေအတွက် ကက်သလစ်ဘုရားကျောင်း အာဏာပိုင်တွေက သြစတြေးလျ ဒေါ်လာ ၂၇၆ ဒသမ ၁ သန်း လျော်ကြေးပေးလိုက်တာပါ။ ဒီငွေပမာဏမှာ လျော်ကြေးငွေ၊ ကုသစရိတ်၊ တရားရင်ဆိုင်မှုအတွက် ကုန်ကျစရိတ်နဲ့ တခြားကုန်ကျငွေအားလုံး ပါဝင်တယ်လို့ တော်ဝင်ကော်မရှင်ကို ကူညီပေးနေတဲ့ အထူးကောင်စီအဖွဲ့ဝင် ဂေးလ်ဖားနက်စ်က ပြောပါတယ်။ ဂေးလ်ဖားနက်စ်ကတော့ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်တယ်ဆိုပြီး ကက်သလစ်ဘုရားကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအပေါ် ပထမဆုံးအကြိမ် စွပ်စွဲမှုဟာ ၁၉၂၀ ခုနှစ် ကာလတွေမှာ ဖြစ်ခဲ့ပါတယ်။ ၁၉၈၀ ခုနှစ် ဇန်နဝါရီလကနေ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအထိ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုပေါင်း ၄၇၆၅ ခု တိုင်ကြားခဲ့ပြီး အဲဒီအထဲက ၄၄၄၅ ခုကို တရားစွဲဆိုနိုင်ခဲ့ပါတယ်လို့ ပြောသွားပါတယ်။ ၁၉၅၀ ကနေ ၂၀၁၀ ခုနှစ်ထိ သြစတြေးလျနိုင်ငံမှာ အလုပ်လုပ်ခဲ့တဲ့  ကက်သလစ် ဘုန်းတော်ကြီးတွေထဲက ၇ ရာခိုင်နှုန်းဟာ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေ ရှိခဲ့တယ်လို့  တော်ဝင်ကော်မရှင်က ကြားခဲ့ပေမယ့် အနည်းငယ်ကိုသာ အရေးယူနိုင်ခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သြစတြေးလျနိုင်ငံ Care Leaver အသင်းဥက္ကဋ္ဌက "ကျနော်တို့ သိနေခဲ့ကြတာ ကြာပါပြီ။ ဒါပေမယ့် ခုလို အားလုံးရှေ့မှာ ဒီအဖွဲ့အစည်း ဘယ်လောက်ဆိုးတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း သိခွင့်ရလိုက်တာ ကောင်းပါတယ်" လို့ ပြောကြားသွားပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း သြစတြေးလျရဲ့ သက်တမ်းအမြင့်ဆုံး ကက်သလစ်ဘုန်းကြီး ဂျော့ချပဲလ်ကလည်း ဘုရားကျောင်းအနေနဲ့ မတရားပြုကျင့်ခံရတဲ့ ကလေးတွေရဲ့စကားကို မယုံကြည်မှု၊ ယုတ်ညံ့တဲ့ ဘုန်းကြီးတွေကို အရေးမယူနိုင်မှုတွေကြောင့် အခုလို အမှားမျိုးတွေ ဖြစ်ခဲ့တယ်လို့ ပြောကြားသွားပါတယ်။
4 years Ago
Up