လိင်ပိုင်းကျူးလွန်

February 26, 2019

လိင်ပိုင်းကျူးလွန်သည့် စွဲချက်အတွက် ကာဒီနယ်ဂျော့ခ်ျပဲလ် ပြစ်မှုထင်ရှားဟု တရားရုံးဆုံးဖြတ်

ကာဒီနယ် ဂျော့ခ်ျပဲလ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဆယ်ကျော်သက် ကလေးနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်ငါးခုအတွက် ပြစ်မှုထင်ရှားတယ်လို့ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ဂျော့ခ်ျပဲလ်ဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ထိပ်တန်းအကြံပေးဟောင်းတဦးလည်း ဖြစ်ပြီး ဗာတီကန်နန်းတော်ရဲ့ ဘဏ္ဍာထိန်းလည်း ဖြစ်ပါတယ်။ ဂျော့ခ်ျပဲလ်ဟာ ၁၉၉၆ ခုနှစ်က သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ စိန့်ပက်ထရစ် ဘုရားရှိခိုးကျောင်းမှာ ဂိုဏ်းချုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်ချိန်မှာ ဓမ္မတေးအဖွဲ့ထဲက အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးနှစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဆုံးဖြတ်ခဲ့တာပါ။ ကျူးလွန်ခံရသူ နှစ်ဦးထဲက တဦးဟာ ၂၀၁၄ ခုနှစ်မှာ သေဆုံးသွားပါတယ်။ အသက် ၇၇ နှစ်အရွယ် ဂျော့ခ်ျပဲလ်က သူ့ကိုစွပ်စွဲထားတဲ့ စွဲချက်ငါးခုစလုံးကို ငြင်းဆိုထားပါတယ်။ ပြစ်မှုတခုစီတိုင်းက အများဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ကျခံရနိုင်ပါတယ်။ ဒီအမှုကို အယူခံဆက်ဝင်သွားမယ်လို့ ဂျော့ခ်ျပဲလ်ရဲ့ ရှေ့နေတွေက ပြောပါတယ်။ အယူခံ အောင်မြင်ခဲ့ရင် အမှုတွေကို ပြန်စစ်နိုင်မှာ ဖြစ်ပါတယ်။
2 years Ago

August 3, 2018

သီလရှင်များအား လိင်ပိုင်းကျူးလွန်ခဲ့သည့် ထိပ်တန်းတရုတ်ဘုန်းကြီး တိုင်ကြားခံရ

တရုတ်နိုင်ငံမှ ထိပ်တန်း ဗုဒ္ဓဘာသာ ဘုန်းကြီးတပါးဟာ သီလရှင်တွေကို ဖိအားပေး လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး တိုင်ကြားခံခဲ့ရပါတယ်။ ဆူးချန်းလို့ အမည်ရတဲ့ အဲဒီဘုန်းကြီးဟာ တရုတ်နိုင်ငံ ဗုဒ္ဓဘာသာအသင်းရဲ့ အကြီးအကဲတဦးဖြစ်ပြီး အစိုးရရဲ့ နိုင်ငံရေးအကြံပေးတဦးလည်း ဖြစ်ပါတယ်။ သူဟာ အဲဒီရာထူးအတွက် အသက်အငယ်ဆုံးအဖြစ် လူသိများသူတဦးလည်းဖြစ်ကာ တရုတ်နိုင်ငံရဲ့ အင်တာနက် လူမှုကွန်ရက်စာမျက်နှာ ဝေဘိုပေါ်မှာ ပရိသတ် ၁ သန်းကျော် ရှိနေတာပါ။ သူ့ရဲ့ သီလရှင်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ပြုခဲ့တယ်ဆိုတဲ့ တိုင်ကြားစာကိုတော့ သူကျောင်းထိုင်တဲ့ လောင်ဂူအန် ဘုန်းတော်ကြီးကျောင်းက ဘုန်းကြီး ၂ ပါးက အစိုးရဆီ အသေးစိတ် တိုင်ကြားခဲ့တာဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ သြဂုတ် ၂ ရက်နေ့က ဖော်ပြပါတယ်။ ဒါပေမယ့် ခုလိုစွပ်စွဲမှုတွေနဲ့ ပတ်သက်ပြီး ဆူးချန်းကတော့ ငြင်းဆိုထားပါတယ်။ တိုင်ကြားစာထဲမှာတော့ ဘုန်းတော်ကြီး ဆူးချန်းဟာ သီလရှင်တွေကို တရားမဝင် မက်ဆေ့ခ်ျတွေပို့ပြီး လိင်ပိုင်းဆိုင်ရာ ပတ်သက်ဆက်နွှယ်မှုတွေအတွက် ဖိအားပေး ခိုင်းစေခဲ့တယ်လို့ ဖော်ပြခဲ့ပြီး အနည်းဆုံး သီလရှင် ၆ ပါးကို ခြိမ်းခြောက်မှုတွေလုပ်ခဲ့ကာ သူတို့ထဲက ၄ ပါးက သူ့တောင်းဆိုချက်ကို လက်ခံခဲ့တယ်လို့ ဖော်ပြထားပါတယ်။ စာမျက်နှာ ၉၅ မျက်နှာ ပါဝင်တဲ့ အဲဒီတိုင်ကြားစာထဲမှာ ဆူးချန်းက သီလရှင်တွေကို စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှုတွေလုပ်ပြီး ဖိအားပေးခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးအရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ လတ်တလော #MeToo အမည်ရတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေအတွက် လှုပ်ရှားမှုမှာ တိုင်ကြားအရေးယူမှုတွေ ရှိနေပြီး ဘုန်းတော်ကြီး ဆူးချန်းက နောက်ဆုံးတိုင်ကြားခံရသူတဦး ဖြစ်လာခဲ့ပါတယ်။
3 years Ago
Up