လိင်ပိုင်း

October 22, 2018

လိင်ပိုင်း အလွဲသုံးစားမှုဒဏ်ခံရသူများကို သြစတြေးလျဝန်ကြီးချုပ် တောင်းပန်

ကလေးတွေအပေါ် အဖွဲ့အစည်းလိုက် လိင်ပိုင်းအလွဲသုံးစားလုပ်မှုဒဏ်ကို ခံခဲ့ရသူတွေနဲ့ မိသားစုတွေကို နိုင်ငံအဆင့် ဝန်ချတောင်းပန်ကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က အောက်တိုဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။ ဘာသာရေးနဲ့ အစိုးရဆိုင်ရာ အဖွဲ့အစည်းတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်း အလွဲသုံးစားမှုပေါင်း ၈ ထောင်ကျော်ကို တော်ဝင် ကော်မရှင်က ငါးနှစ်ကြာ စုံစမ်း စစ်ဆေးအပြီး ခုလို တောင်းပန်လိုက်တာပါ။ နိုင်ငံအတွင်း ကလေးတွေနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံးမှာ ကလေးတွေ ဘေးကင်းရေး ရုံးဖွင့်ဖို့နဲ့ ကလေးသူငယ် ဘေးကင်းရေး စံချိန်စံညွှန်းတွေ သတ်မှတ်ဖို့၊ ကလေးသူငယ် အလွဲသုံးစားခံရမှု အစီရင်ခံစာတွေ ထုတ်ပြန်ဖို့နဲ့ မှတ်တမ်းကောက်ယူဖို့ အစီရင် ခံစာက ဆော်သြထားပါတယ်။ သြစတြေးလျ အစိုးရဟာ ခုလို နိုင်ငံအဆင့် ဝန်ချတောင်းပန်တာမျိုး ရှားပါတယ်။ အစိုးရ ကိုယ်တိုင်ရဲ့ အခန်းကဏ္ဍ ပါဝင်ပတ်သက်နေတဲ့ ထူးခြားဆိုးရွားတဲ့ ဖြစ်ရပ်ဆိုးတွေမှာမှ တောင်းပန်လေ့ ရှိပါတယ်။ အခု တောင်းပန်မှုဟာ အမျိုးသား ကလေးသူငယ်များ သီတင်းပတ်နဲ့ တိုက်ဆိုင်နေပါတယ်။
4 years Ago

July 14, 2018

လိင်ပိုင်းအနိုင်ကျင့်မှုကြောင့် ဖခင်ကိုသတ်ခဲ့ကြောင်း ၁၂ နှစ်ကျော်ကြာမှ သမီးဖြစ်သူ ဝန်ခံ

ဖခင်ဖြစ်သူရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ ကာလရှည်ရင်ဆိုင်ခဲ့ရတဲ့ အမျိုးသမီးတဦး ဟာ သူ့အဖေကို ဂေါ်ပြားနဲ့ရိုက်သတ်ပြီး ဒီလူသတ်မှုကို ဆယ်စုနှစ်တခုကျော်ကြာ ဖုံးကွယ်ထားနိုင်ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်သတင်းမှာဖော်ပြပါတယ်။ ဒီအမှုဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ် ဇန်န ဝါရီလက ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဘာဘရာကွန်းဘတ်စ်ဆိုတဲ့ အမျိုးသမီးဟာ ကလေးဘဝကတည်းက ဖခင်ဖြစ်သူ ဒုတိယကမ္ဘာစစ်ပြန်ကြီးရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသူဖြစ်ပါတယ်။ ဘာဘရာကို သူ့အဖေက အကြိမ်ပေါင်းများစွာ အဓမ္မမှုကျူးလွန်ခဲ့ရုံတင်မဟုတ်ဘဲ ကလေးငယ်တွေနဲ့ လိင်ပိုင်းဆိုင်ရာ သာယာမှုကိုရှာဖွေတဲ့ ကလပ်တွေဆီကို ခေါ်ဆောင်သွားခဲ့ပြီး သူမကို ကိုယ်လုံးတီးအနေအထားနဲ့ဓာတ်ပုံ ရိုက်ခြင်းတွေကို ပါပြုလုပ်ခဲ့ပါတယ်။ ဒါဟာ ဘာဘရာရဲ့ ငယ်ဘဝရဲ့အခြေအနေတွေပဲဖြစ်ပြီး အသက်ကြီးချိန်မှာတော့ သူမဟာ ကိုယ့်အိုးကိုယ့်အိမ်ထူထောင်ခဲ့ပါတယ်။ သူမအိမ်ထောင်ရေးပြိုကွဲသွားချိန်မှာ သူမရဲ့မိခင်ဖြစ်သူလည်း သေဆုံးခဲ့တာကြောင့် ဘာဘရာနဲ့သူ့ရဲ့ ၁၈ နှစ်အရွယ်သမီးဖြစ်သူဟာ သူ့ဖခင်အိမ်ကိုပြန်ရောက်လာခဲ့ပါ တယ်။ အဲဒီအချိန်မှာလည်း သူ့ဖခင်က သူမကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ထပ်လုပ်ခဲ့ပြန်ပါတယ်။ ဒီအချိန်မှာတော့ သည်းမခံနိုင်တော့တဲ့ ဘာဘရာဟာ သူ့အဖေကို ဂေါ်ပြားနဲ့ရိုက်ခဲ့ပြီး ဂေါ်ပြားရဲ့ ချွန်ထက်တဲ့အပိုင်းနဲ့ လည်ပင်းကိုပါလှီးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာ ဘာဘရာဟာ အလောင်းကို ကော်ဇောနဲ့ထုပ်ပြီး ခြံထဲမှာ တင် မြုပ်နှံခဲ့ကာ အဲဒီအပေါ်က မြေကြီးတွေဖုံးလွှမ်းပြီး အလောင်းကို ဖျောက်ခဲ့ပါတယ်။ ဘာဘရာဟာ သူ့ဆွေမျိုး တွေနဲ့မောင်ဖြစ်သူကို သူ့အဖေက နှလုံးရောဂါနဲ့ သေပြီးလို့သတင်းလွှင့်ခဲ့ပြီး အလောင်းမြုပ်နှံထားတဲ့အိမ်မှာပဲ နေထိုင်ကာ သူ့အဖေရဲ့ ပင်စင်နဲ့အခြားခံစားခွင့်တွေကို ထုတ်ယူသုံးစွဲခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေအပြီး ၁၂ နှစ်ကျော်အကြာ ၂ဝ၁၈ ဇန်နဝါရီလမှာမှ ဘာဘရာက ဒီပြစ်မှုကို ဝန်ခံခဲ့တာပဲဖြစ်ပါတယ်။ ဘာဘရာရဲ့အမှုကို မန်ချက်စတာ တရားရုံးက စစ်ဆေးနေပြီး အခုချိန်မှာအသက် ၆၄ နှစ်ရှိပြီးဖြစ်တဲ့ ဘာဘရာဟာ ငယ်စဉ်အချိန်က ဖခင်ရဲ့ ပိတ်လှောင်ကာ လိင်ကျွန်ပြုမှုကို ခံခဲ့ရသူဖြစ်ပြီး မွေးမွေးချင်းသေဆုံး သွားတဲ့ သူမရဲ့ပထမဆုံး ကလေးဟာလည်း သူ့အဖေကြောင့် ရရှိခဲ့တာဖြစ်တယ်လို့ တရားရုံးက ဆိုပါတယ်။
5 years Ago
Up