လိင်တူ

May 18, 2019

လိင်တူ၊ လိင်ကွဲချစ်သူတွေအပေါ် မုန်းတီးမှု ဆန့်ကျင်ရေးအခမ်းအနား မန္တလေးတွင် ကျင်းပ

လိင်တူ၊ လိင်ကွဲချစ်သူတွေအပေါ် မုန်းတီးမှု ဆန့်ကျင်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့ အခမ်းအနားကို မနေ့ ညနေပိုင်းက မန္တလေးမြို့မှာ ကျင်းပခဲ့ပြီး ဆုတွေလည်း ချီးမြှင့်ခဲ့ပါတယ်။ CAN Myanmar က ဦးဆောင်ပြီး မေလ ၁၇ ရက်နေ့ ညနေပိုင်းက လိင်တူချစ်သူတွေ၊ လိင်ကွဲချစ်သူတွေ၊ ဆန့်ကျင်ဘက် လိင်လို ပြောင်းလဲဝတ်ဆင်သူတွေနဲ့ တခြား လိင်စိတ်ခံယူမှု ဝိသေသကွဲပြားတဲ့သူတွေအပေါ် မုန်းတီးမှု ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာ အထိမ်းအမှတ်နေ့ အခမ်းအနားကို Hotel Marvel မှာ ပြုလုပ်ခဲ့ပါတယ်။ Myanmar LGBTIQAs Award ဆုချီးမြှင့်တာကို မနှစ်က စတင်ခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ ၃ ဆု ပေးခဲ့ပါတယ်။ ဆုပေးရေးအဖွဲ့တွေထဲမှာ ပါဝင်တဲ့ Bright Pride Myanmar Lesbian Organization အဖွဲ့တည်ထောင်သူ ဒေါ်စုစုလှိုင်က “ဒီနှစ် ရွှေဘိုက ရသွားတဲ့တယောက်က သပြေညို ရွှေဘိုပန်း အဖွဲ့ကပါ။ သူလေးကလည်း ဂေးတယောက်ဖြစ်တယ်။ သူ့ကို အများကြီး supporting လုပ်ပြီးတော့ အိမ်မှာပွဲတွေလုပ်တယ်။ support လုပ်ပေးတယ်ပေါ့။ နောက်တဆုက ကျတော့ ဆွေသဟာဆုပေါ့နော်။ ဆွေသဟာဆု ဆိုတာက ကျွန်မတို့ LGBTIQAs တွေကို လူတော်တော်များများက မကူညီချင်ဘူး။ လက်မခံချင်ဘူး။ ဒီကြားထဲကမှ ကျမတို့ အရမ်းကို familiar (အကျွမ်းတဝင်) ဖြစ်တယ်။ ဘယ်လိုအကူအညီမျိုးပဲလာလာ အမြဲတမ်းကူညီနေခဲ့တဲ့ မဆွေဝင့်ကနေပြီးတော့ ဒီဆုကို ရရှိထားပါတယ်” လို့ ပြောပါတယ်။ ဒီနှစ်မှာပေးတဲ့ Myanmar LGBTIQAs Award 2019 ဆုတွေကတော့ Outstanding Parent of LGBT of the year Award ဆုကို ဒေါ်ခင်ဝင်းကြည်(ရွှေဘို)၊ Outstanding Friendly of LGBT of the year Award ဆုကို ဒေါ်ဆွေဝင့်ပိုင်၊ Outstanding LGBTIQA Activist of the year Award ဆုကို မစူးရှရှင်းသန့်တို့က ရရှိခဲ့တာပါ။ မိမိရဲ့ သားသမီးဟာ LGBT တယောက်ဖြစ်တာကို သိပေမယ့် နားလည်လက်ခံပြီး ထောက်ပံ့တာတွေ ပြုလုပ်ပေးခဲ့တဲ့အတွက် အခုလို ဆုရတာကို ဝမ်းသာတယ်လို့ ဆုရရှိသူ မိခင်ဒေါ်ခင်ဝင်းကြည်က ပြောပါတယ်။ LGBT တွေနဲ့ ရင်းနှီးကျွမ်းဝင်ဆုကိုရတဲ့ ဒေါ်ဆွေဝင့်ပိုင်ကလည်း ဆန့်ကျင်ဘက်လိင်လို ပြောင်းလဲဝတ်ဆင်တဲ့သူတွေအပေါ် ခွဲခြားဆက်ဆံတာတွေ များပြားတဲ့နောက် သူတို့ကိုယ်တိုင် နိုင်ငံရေး နယ်ပယ်မှာ ပါဝင်လာရင် ခွဲခြားဆက်ဆံတာတွေ လျော့သွားနိုင်တယ်လို့ မျှော်လင့်တဲ့အတွက် LGBT တွေကို ကူညီခဲ့တယ်လို့ ပြောပါတယ်။ “လူတိုင်းမှာ ကွဲပြားခြားနားမှုဆိုတာ ရှိတယ်ပေါ့နော်။ ပြီးတော့ အမျိုးသမီးတွေကို အဓိက ထားပြီးတော့ ဒါမှမဟုတ်ရင် LGBT တွေကို အဓိကထားပြီးတော့ ခွဲခြားဆက်ဆံတာမျိုးကို မုန်းတီးတာမျိုးကို ကျမ လက်မခံပါဘူးရှင့်။ အဲဒီအတွက်ကြောင့်လည်း ဒီနိုင်ငံရေးဖြစ်စဉ်မှာ သူတို့ ပိုပါဝင်လာမယ်ဆိုလို့ရှိရင် ဒီလိုခွဲခြားဆက်ဆံတာတွေ လျော့ပါးသွားမယ်လို့ မျှော်လင့်တယ်ပေါ့နော်။ ပြီးတော့ သူတို့တွေအနေနဲ့လည်း မြန်မာနိုင်ငံသားတွေဖြစ်တဲ့အတွက် နိုင်ငံရေးဖြစ်စဉ်မှာ ပါဝင်သင့်တယ်လို့ ကျမ ယုံကြည်တယ်ရှင့်။ သူငယ်ချင်းတွေ အားလုံးက Motivated လုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်ရှင့်။ ဂုဏ်လည်းယူပါတယ်” လို့ ပြောပါတယ်။ ဒီနှစ်အတွက် LGBT Activist ဆုကိုတော့ မစူးရှရှင်းသန့်က ရသွားပါတယ်။ ဆုချီးမြှင့်တာကိုတော့ CAN Myanmar က ဦးဆောင်ပြီး LGBT အဖွဲ့အစည်းတွေနဲ့ အရပ်ဘက်အဖွဲ့အစည်း ၁၇ ခု ပူးပေါင်း ရွေးချယ်ချီးမြှင့်ခဲ့တာပါ။ ထိန်ထိန်လင်း
3 years Ago

October 26, 2018

လိင်တူမိဘနှစ်ပါးမှ မျိုးဆက်သစ်ကြွက်လေးများ မွေးဖွား

တရုတ်သိပ္ပံအကယ်ဒမီ ပညာရှင်တွေဟာ မိခင်ကြွက် ၂ ကောင်က ရရှိတဲ့ ပင်မဆဲလ်ကို မျိုးဗီဇပြုပြင်ပြီး နောက်ထပ် ကြွက်ကလေးတကောင်ဖြစ်အောင် သားဖောက်နိုင်ခဲ့ပါတယ်။ အဲဒီကြွက်ကလေးဟာ နောက်ထပ်မျိုးဆက်ပါ ထပ်ပြီး မွေးဖွားနိုင်ခဲ့တဲ့အကြောင်း Cell Stem Cell ဂျာနယ်သတင်းမှာ ဖော်ပြထားပါတယ်။ လိင်တူမိဘ ၂ ပါးကနေ မျိုးဖောက်နိုင်စွမ်းကို လေ့လာဖို့ ရည်ရွယ်တဲ့ အဲဒီစမ်းသပ်ချက်မှာ ဖခင်ကြွက် ၂ ကောင်ရဲ့ ပင်မဆဲလ်နဲ့ မျိုးဗီဇ ပြုပြင်တည်းဖြတ်ပြီး မျိုးဆက်သစ် ကြွက်ကလေးကို မွေးဖွားနိုင်ခဲ့ပေမယ့် ၂ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ မိခင်ကြွက် ၂ ကောင်ကနေ နောက်ထပ် ကြွက်ကလေး မွေးဖွားနိုင်ဖို့ တရုတ်ပညာရှင်တွေဟာ မိဘတယောက်ဆီက ခရိုမိုဇုန်းနဲ့ ဒီအန်အေ တဝက်သာ ပွားယူလာတဲ့ ESCs လို့ အတိုကောက်ခေါ်တဲ့ haploid embryonic stem cells ကို အသုံးပြုပါတယ်။ genomic imprinting လို့ခေါ်တဲ့ မျိုးဗီဇပုံဖော်တဲ့အဆင့်မှာ အစိတ်အပိုင်းတချို့ကို ဖြုတ်ပယ်ပစ်ပြီး နောက်ထပ်အမတကောင်ရဲ့ မျိုးဥနဲ့ ပေါင်းစပ်ကာ မျိုးဗီဇအသစ်ကို ပုံဖော်တာ ဖြစ်ပါတယ်။ ဒီနည်းပညာကိုသုံးပြီး တွားသွားသတ္တဝါတွေ၊ ကုန်းနေရေနေတွေ၊ ငါးတွေမှာ မိဘတပါးတည်းကနေ နောက်ထပ်မျိုးဆက်တွေ ပေါက်ဖွားယူနိုင်ပေမယ့် လူသားမျိုးဗီဇကို စမ်းသပ်ဖို့ကတော့ အခက်အခဲတွေ အများကြီးရှိနေဦးမယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ မျိုးဗီဇဆဲလ်ကို ဖြတ်ထုတ်ပြင်ဆင်ယူရတာတွေ များလွန်းတာကြောင့် လိင်တူမိဘ ၂ ပါးကနေ လူသားမျိုးဆက်သစ် မွေးဖွားနိုင်ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ ပညာရှင်တွေက ယူဆကြကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
3 years Ago
More News
Up