လိင်ဆက်ဆံဖော်အရုပ်ကို ပင်လယ်ထဲမှ နတ်သမီးဟု ကိုးကွယ်ခဲ့သည့် အင်ဒိုရွာသားများ

May 5, 2016

လိင်ဆက်ဆံဖော်အရုပ်ကို ပင်လယ်ထဲမှ နတ်သမီးဟု ကိုးကွယ်ခဲ့သည့် အင်ဒိုရွာသားများ

အင်ဒိုနီးရှားနိုင်ငံ၊ ကျွန်းတကျွန်းပေါ်က ရွာသားတွေဟာ ပင်လယ်ထဲက မျောပါလာတဲ့ တကိုယ်တော် အာသာဖြေ လိင်ဆက်ဆံဖော် အမျိုးသမီးအရုပ်တရုပ်ကို တွေ့ရှိခဲ့ချိန်မှာ ဒါကို နတ်သမီးရုပ်အဖြစ် ထင်မှတ်မှား ကိုးကွယ်ခဲ့ကြပါတယ်။ ဒီကိစ္စ လူမှုကွန်ရက်စာမျက်နှာတွေပေါ် ပျံ့နှံ့ခဲ့ပြီးနောက်မှာတော့ ရဲတွေက အဆိုပါအရုပ်ကို သိမ်းဆည်းခဲ့ရပါတယ်။ အဆိုပါအရုပ်ကို ငါးဖမ်းသမားတဦးက ပြီးခဲ့တဲ့ မတ်လအတွင်းက ဆူလာဝေစီခရိုင်တွင်း၊ ဘန်ဂီကျွန်းစုအနီး ပင်လယ်ပြင်ထဲက စတင်တွေ့ရှိခဲ့တာပါ။ သူ့ရဲ့မိသားစုဝင်တွေဟာ အရုပ်ကို သေချာ ဂရုတစိုက် စောင့်ရှောက်ကာ ထားရှိခဲ့ကြတာဖြစ်ပြီး အဲဒီနောက်မှာတော့ ကောလာဟလတွေကတဆင့် ဒါဟာ ပင်လယ်ထဲက နတ်သမီးတပါးအဖြစ် အချိန်တိုအတွင်း သတင်းပြန့်သွားခဲ့ပါတယ်။ လူထုကြား သတင်းပျံ့နှံ့ခဲ့ချိန်မှာ တစတစနဲ့ ဆူပူအုံကြွမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့လို့ ရဲတွေက စုံစမ်းခဲ့ချိန်မှာတော့ ဒါဟာ လိင်ဆက်ဆံဖော် အမျိုးသမီးရုပ်တရုပ်ဖြစ်တယ် ဆိုတာကို တွေ့ရှိခဲ့ရတာပါ။ အင်ဒိုနီးရှား သတင်းအင်တာနက်စာမျက်နှာ ဒီတစ်ခ်က အဆိုပါအမျိုးသမီးရုပ်ရဲ့ ပုံတွေဟာ အာရပ်အမျိုးသမီးတွေ ခြုံလေ့ရှိတဲ့ ၀တ်စုံနဲ့အတူ ရှက်ရွံ့နေတဲ့ မျက်နှာထားနဲ့အတူ ပျံ့နှံ့နေခဲ့တာလို့ ဆိုပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒေသအများစုမှာ သဘာဝလွန်ဖြစ်ရပ်တွေအပေါ် ယုံကြည်လေ့ရှိနေကြဆဲဖြစ်ပြီး ဒီအရုပ်ကိုလည်း ရှေးရိုးဒဏ္ဍာရီလာ ပုံပြင်ထဲက ဘိုင်ဒါဒါရီနတ်သမီး ဖြစ်တယ်လို့ သတင်းတွေ ပျံ့နှံ့ခဲ့တာပါ။ ဒေသတွင်း ရဲအရာရှိချုပ်က “သူတို့ (ရွာသား) တွေမှာ အင်တာနက်ဆိုတာ မရှိဘူးလေ။ သူတို့ လိင်ဆက်ဆံဖော်အရုပ်ဆိုတာ မသိကြဘူး” လို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကလည်း တရုတ်နိုင်ငံမှာ လိင်ဆက်ဆံတဲ့ ပစ္စည်းတခုကို တန်ဖိုးကြီး လင်ဇီးမှိုကြီးတပွင့် တွေ့ရှိတယ်လို့ မှားယွင်းသတင်းထုတ်ပြန်ခဲ့လို့ ပြန်တောင်းပန်ခဲ့ရပါသေးတယ်။ တကယ်တမ်းတော့ အဲဒါဟာ မှိုမဟုတ်ဘဲ ဆီလီကွန်နဲ့ ပြုလုပ်ထားတဲ့ လိင်ဆက်ဆံစရာ ပစ္စည်းတခုဖြစ်ပြီး ရှီအန်းမြို့မှ ရေတွင်းတတွင်းထဲမှာ လယ်သမားတဦးက တွေ့ရှိခဲ့တာပါ။
6 years Ago
Up