လိင်ဆက်ဆံဖော်အရုပ်

November 16, 2018

ကြီးထွားလာနေသည့် တရုတ်လိင်ဆက်ဆံဖော်အရုပ် ဈေးကွက် (ရုပ်သံ)

တရုတ်နိုင်ငံမှာ လိင်ဆက်ဆံဖော် အရုပ်ဈေးကွက်ဟာ တစစနဲ့ ကြီးထွားလာနေပြီး ဈေးကွက်ထဲမှာ လည်ပတ်နေတဲ့ တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဘီလျံနီးပါး ရှိနေတာပါ။ ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ လိင်ဆက်ဆံဖော်အရုပ်တွေ ထုတ်လုပ်တဲ့ စက်ရုံထဲမှာ ဘယ်လိုလည်ပတ်နေတယ်ဆိုတဲ့ အကြောင်းတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ လိင်ဆက်ဆံဖော်အရုပ်စက်ရုံက လက်ထောက်အထွေအထွေမန်နေဂျာ အမျိုးသမီး ဂျင်ချန်းက “ကျမတို့ရဲ့ လိင်ဆက်ဆံဖော်အရုပ်တွေက တကယ့်လူတွေလိုပါပဲ။ သူတို့မှာ အရိုး၊ ကြွက်သား၊ အရေပြားတွေ လူတွေအတိုင်းပဲ ရှိနေတယ်လေ” လို့ ပြောပါတယ်။ အရိုးအင်္ဂါအဖွဲ့အစည်းမှာ အစိတ်အပိုင်းပေါင်း ၁၆၀ ကျော်ပါဝင်ပြီး စက်ရုံထဲမှာတော့ ဒီလိင်ဆက်ဆံဖော်အရုပ်တွေကို ဘယ်လိုတပ်ဆင် ဖန်တီးနေတယ် ဆိုတာတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ အရုပ်တွေရဲ့ ခန္ဓာကိုယ်ပုံစံတွေကိုတော့ မိုတွေနဲ့ ပုံဖော်ဖန်တီးရတာဖြစ်ပြီး အမှားအယွင်း မခံဘူးလို့ ဆိုပါတယ်။ အဲဒီစက်ရုံက ဒါရိုက်တာအဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါင်ယူးယန်ကတော့ “ကျနော့်မိသားစုက ဒါကို အစက လက်မခံခဲ့ကြပါဘူး။ ဒီထုတ်ကုန်တွေကို တရုတ်တွေက ဝယ်ကြမှာမဟုတ်ဘူးလို့ သူတို့ထင်ကြတယ်လေ။ ချမ်းသာတဲ့သူတွေအဖို့လည်း လိင်ဆက်ဆံဖော်အရုပ် မလိုဘူး။ ဆင်းရဲတဲ့သူတွေ ကျတော့လည်း ဝယ်နိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့လုပ်ငန်း အရှုံးပေါ်လိမ့်မယ်လို့ ဝေဖန်ကြတာပေါ့” လို့ ပြောပြပါတယ်။ “လူတွေက အစားအသောက်ကောင်း စားရရင်သာ ပြန်မျှဝေပေးကြလေ့ရှိတာ။ လိင်မှုကိစ္စအကြောင်း ပြောရင်တော့ ဒါကို လက်ခံကြမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ခုတော့ ပြီးခဲ့တဲ့ နှစ် ၂၀ ကျော်ကာလအတွင်းမှာ ပြောင်းလဲလာခဲ့ပြီ။ လူငယ်တွေက လိင်မှုကိစ္စကို ကြည်နူးပျော်ရွှင်စရာလို့ မြင်လာကြပြီ။” တရုတ်နိုင်ငံမှာ ပထမဆုံးသော လိင်ဆက်ဆံဖော်အရုပ်တွေ ရောင်းချတဲ့ဆိုင်ကို ၁၉၉၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝှမ်း ဆိုင်ပေါင်း ၂ သိန်းကျော်လောက် ရှိနခဲ့ပြီဖြစ်တယ်လို့ ဘီဘီစီသတင်းမှာ ဖော်ပြပါတယ်။ အွန်လိုင်းပေါ်ကတဆင့် ရောင်းချတဲ့ လိင်ဆက်ဆံဖော် အရုပ်ဈေးကွက်မှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလျံလောက်ရှိနေပြီး လာမယ့် ၂၀၂၀ ပြည့်နှစ်မှာ ၉ ဒသမ ၁ ဘီလျံထိ ရှိလာနိုင်မယ်လို့ ခန့်မှန်းထားကြပါတယ်။ “ကျမတို့ အရုပ်တွေကို လူသားဆန်မှုတွေနဲ့အတူ ပေးအပ်ချင်ပါတယ်။ ဒါကတော့ ဒေစီ။ သူ့မျက်လုံးတွေက မှိတ်ထားတယ်။ သူကတော့ ဆမန်သာလေ” လို့ ဂျင်ချန်းက ပြောပါတယ်။ လက်ရှိမှာတော့ လိင်ဆက်ဆံဖော် အရုပ်မတွေကို စကားပြောနိုင်၊ လှုပ်ရှားနိုင်၊ ဆက်သွယ်နိုင်တဲ့ မှတ်ဉာဏ်တု ထည့်သွင်းနိုင်ဖို့ သုတေသနတွေလည်း ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ စက်ရုံမှ သုတေသနနဲ့ ဖွံ့ဖြိုးမှုအဖွဲ့ ဒါရိုက်တာ ယူချန်းကတော့ "ဒီအရုပ်တွေက သူတို့ရဲ့ သွင်ပြင်နဲ့ ဟန်ကို မဖော်ပြနိုင်သေးပါဘူး။ အသံနဲ့သာ အမိန့်ပေးခိုင်းစေလို့ ရပါသေးတယ်။ ဒါကို လှုပ်ရှားနိုင်တဲ့တခုနဲ့ ပေါင်းစပ်ပြီး လုပ်ဆောင်နိုင်ရင်တော့ အသုံးပြုသူတွေအနေနဲ့ ပိုကောင်းတဲ့ ဆက်ဆံရေးတခု ဖြစ်လာစေမှာပါ” လို့ ပြောပါတယ်။ “ရိုဘော့ဆိုတာ ဘာလဲ။ ဟုတ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျနော်တို့ဟာ ဒီစက်ရုပ်တွေကို ချစ်သူ၊ ဇနီးမယားတွေ နေရာမှာလည်း အစားထိုးလာနိုင်တော့မှာပါ။ နောက်ထပ်လည်း ကျနော်တို့ အမျိုးသားလိင်ဆက်ဆံဖော်အရုပ်တွေ ထုတ်လုပ်နေပါတယ်။ ဒီလိုဆို ချစ်သူခင်ပွန်းတွေကိုလည်း အစားထိုးသုံးလို့ ရသွားမှာပေါ့” လို့ ဒေါင်ယူးယန်က ဆိုပါတယ်။
3 years Ago

September 19, 2017

ဝေဖန်မှုများကြောင့် တရုတ်တွင် လိင်ဆက်ဆံဖော်အရုပ် ငှားရမ်းသည့်ဝန်ဆောင်မှု ရပ်ဆိုင်းခဲ့ရ

အငြင်းပွားစရာကောင်းတဲ့ ပြစ်တင်ဝေဖန်မှုတွေကြောင့် တရုတ်နိုင်ငံမှာ လိင်ဆက်ဆံဖော်အရုပ်တွေ ငှားရမ်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီတခုဟာ စတင်ဖွင့်လှစ်ပြီး ရက်အနည်းငယ်အကြာမှာပဲ ရပ်ဆိုင်းခဲ့ရပါတယ်။ အထိအတွေ့လို့ နာမည်ပေးထားတဲ့ အဲဒီကုမ္ပဏီဟာ ဘေကျင်းမြို့မှာ နေ့စဉ် ဒါမှမဟုတ် ကာလရှည်ငှားရမ်းမှုအတွက် မတူကွဲပြားတဲ့ လိင်ဆက်ဆံဖော်အရုပ်ပုံစံ ၅ မျိုးကို မိတ်ဆက်ခဲ့တာဖြစ်ပြီး မကြာခင်မှာပဲ ဝေဖန်ပြစ်တင်မှုတွေ မြင့်တက်ခဲ့တာပါ။ ကုမ္ပဏီဟာ ဈေးကွက်အရ တရုတ်၊ ကိုရီးယား၊ ဂျပန်အမျိုးသမီးပုံစံတူ လိင်ဆက်ဆံဖော် အရုပ်တွေအပြင် နာမည်ကျော်ရုပ်ရှင်ကား Wonder Woman ထဲမှ ဇာတ်ကောင်ပုံစံ ဓားရှည်နဲ့ ဒိုင်းကို ကိုင်ဆောင်ထားတဲ့ အရုပ်တွေကို ခင်းကျင်းပြသခဲ့တာပါ။ ရဲတွေက သူတို့ခင်းကျင်းပြသထားတဲ့ လိင်ဆက်ဆံဖော်အရုပ်တွေဟာ ကြမ်းတမ်း ရိုင်းပြတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖယ်ရှားခိုင်းခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီက သူတို့ရဲ့ ဝေဘို လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် “ဒါဟာ အဆိုးဘက်ကို အကျိုးသက်ရောက်မှု ဖြစ်စေခဲ့တဲ့အတွက် တကယ့်ကို လှိုက်လှိုက်လှဲလှဲ တောင်းပန်ပါတယ်” လို့ ရေးခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီအနေနဲ့ လိင်ဆက်ဆံမှုဆိုတာ ကြမ်းတမ်းတဲ့ လူပြိန်းကြိုက်သဘောတခု မဟုတ်ဘဲ သူတို့အနေနဲ့ အခုထက်ပိုပြီး လူတွေကို ပျော်ရွှင်စေနိုင်ဖို့ ချဉ်းကပ်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ လုပ်ငန်းဟာ စတင်ဖွင့်လှစ်ချိန် မတိုင်ခင်ကတည်းက စိတ်ဝင်စားမှုနဲ့ ကမ်းလှမ်းမှုတွေ အများကြီး လက်ခံရရှိခဲ့ပေမယ့် ဖွင့်လှစ်ပြီး ၂ ရက်အကြာမှာ ပိတ်ခဲ့ရတာလို့ ဘီဘီစီသတင်းက ဆိုပါတယ်။ “အစမ်းသဘောနဲ့ ကျနော်တို့ အရုပ် ၁၀ ရုပ်ကို ပြင်ဆင်ထားခဲ့တာပါ” လို့ ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရသူတဦးက အီးမေးလ်နဲ့ အကြောင်းပြန်ကြားခဲ့ပြီး ဝန်ဆောင်မှု အသုံးပြုသူတွေဆီက အရမ်းကို အပြုသဘောဆန်တဲ့ တုံ့ပြန်မှုတွေ ရရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရဲတွေနဲ့ တခြား ရှုပ်ထွေးတဲ့ လူမှုဝန်းကျင်တွေကြောင့် တရုတ်နိုင်ငံမှာ လိင်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဖို့ တကယ့်ကို ခက်ခဲတယ်လို့ ဆိုပါတယ်။ တရုတ်သတင်းမီဒီယာတွေရဲ့ အဆိုအရ အဲဒီကုမ္ပဏီဟာ လိင်ဆက်ဆံဖော် အရုပ်တရုပ်အတွက် တရက်ကို နေ့စဉ်ကြေး ယွမ်ငွေ ၂၉၈ (၄၆ ဒေါ်လာ) နဲ့ ငှားရမ်းတယ်လို့ ဆိုပါတယ်။ မူလက ဈေးနှုန်းကြီးမြင့်တဲ့ ဆီလီကွန်အရုပ်တွေအစား ပိုသက်သာအောင် ဝန်ဆောင်မှုပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် အများပြည်သူကြားမှာတော့ ဒါဟာ ဝေဖန်စရာ ဖြစ်လာခဲ့တာပါ။ လက်ရှိမှာတော့ ကုမ္ပဏီအနေနဲ့ ကြိုတင်ဝန်ဆောင်မှုရယူဖို့ ငွေပေးသွင်းထားတဲ့ အသုံးပြုသူတွေကို လျော်ကြေး ၂ ဆ ပြန်လည်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
4 years Ago
More News
Up