လိင်ကျွန်

May 9, 2019

နယူးယောက်အခြေစိုက် လိင်မှုဆိုင်ရာဂိုဏ်း တည်ထောင်သူ ရာနီးယာအား ရုံးတင်စစ်ဆေး

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ လိင်မှုဆိုင်ရာဂိုဏ်း တည်ထောင်သူ ကိတ်သ် ရာနီးယာဟာ မေလ ၇ ရက်က တရားရုံးမှာ လာရောက် စစ်ဆေးခံခဲ့ပါတယ်။ အမျိုးသမီးတွေကို ကျွန်အဖြစ်စုဆောင်း၊ အငတ်ထားပြီး သူနဲ့ လိင်ဆက်ဆံဖို့ ခြိမ်းခြောက် အကျပ်ကိုင်မှုတွေအတွက် တရားရင်ဆိုင်ရမှာပါ။ အသက် ၅၈ နှစ်အရွယ် ရာနီးယာရဲ့ သူ့ဂိုဏ်းဝင်တွေကို ကမ်းလှမ်းချက်တွေဟာ လိင်ကုန်ကူးမှု၊ ကလေးပြည့်တန်ဆာမှုနဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေကို လိင်ပိုင်း အမြတ်ထုတ်မှုတွေ အပါအဝင် ရာဇဝတ်မှုတွေနဲ့ ငြိစွန်းတယ်လို့ ပြည်ထောင်စုအစိုးရ ရှေ့နေတွေက အခိုင်အမာ ပြောပါတယ်။ သူ့ရဲ့ လိင်ကျွန်အတော်များများကိုလည်း အမေရိကန်နိုင်ငံ ဘရွတ်ကလင်းခရိုင် တရားရုံးမှာ စစ်မေးဖို့ မျှော်လင့်ထားပါတယ်။ ဒီအမှုမှာ ထောက်ခံပံ့ပိုးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ Smallville ရုပ်သံ သရုပ်ဆောင် အယ်လစ်ဆန် မက်ခ်နဲ့ Seagram အရက်ချက်လုပ်ငန်း အမွေခံ ကလဲရာ ဘရွန့်ဖ်မန်းတို့က ဝန်ခံခဲ့ပြီးပါပြီ။ ဂိုဏ်းအတွက် ငွေပံ့ပိုးသူ ဘရွန့်ဖ်မန်းက ငွေဒဏ် အမေရိကန် ဒေါ်လာ ၆ သန်း ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။ သီတင်းပတ် ၆ ပတ်ကြာနိုင်တဲ့ တရားရုံး စစ်ချက်အတွင်း သက်သေတွေနဲ့ စစ်ချက်တွေရဖို့ မျှော်လင့်ထားတယ်လို့ တရားသူကြီးတွေက သတိပေးခဲ့ပြီးပါပြီ။ ရာနီးယာရဲ့ ကွန်ပျူတာ ဟာ့ဒ်ဒရိုက်ဗ်ထဲကနေ သိမ်းမိတဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးရဲ့ ဓာတ်ပုံတွေကို အစိုးရရှေ့နေတွေက သက်သေအဖြစ်သုံးဖို့ ရည်ရွယ်ထားပါတယ်။ ရာနီးယာဟာ သူ့အပေါ်စွဲချက် အားလုံးအတွက် အပြစ်ကို ဝန်မခံသေးပါဘူး။ နေဇီယံလို့ အသံထွက်တဲ့ နာမည်နဲ့ ၁၉၉၈ ခုနှစ်မှာ စတင်ခဲ့တဲ့ ဒီဂိုဏ်းဟာ နယူးယောက်မြို့မှာ အခြေစိုက်ပြီး အမေရိကန်၊ ကနေဒါ၊ အလယ်အမေရိကနဲ့ မက္ကဆီကိုနိုင်ငံ တဝန်းမှာ စင်တာပေါင်းများစွာနဲ့ လုပ်ငန်းလည်ပတ်နေခဲ့တာပါ။ သူတို့လုပ်ငန်းကို လူသားထုရဲ့ မြင့်မြတ်မှု တိုးလာစေမယ့် သင်တန်းနဲ့ ပညာရေးဆိုင်ရာ ပံ့ပိုးမှု အင်္ဂါရပ်တွေကို စီစဉ်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် ဈေးကွက်တင်ပါတယ်။ အုပ်စုအဖွဲ့ဝင်တွေထဲမှာ လိင်ကျွန်တွေဟာ လက်အောက်ငယ်သား အသစ်တွေကို ကိုယ်တိုင် လူစုရပြီး ရာနီးယာကတော့ ပိရမစ်ပုံ အုပ်စုဖွဲ့စည်းပုံရဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ရာနီးယာဟာ နေဇီယံဂိုဏ်းထဲမှာတင် DOS လို့ခေါ်ပြီး နာခံတတ်တဲ့ အမျိုးသမီး အဖော်တွေရဲ့ သခင်လို့ အဓိပ္ပာယ်ရတဲ့ အဖွဲ့ကို ထပ်တည်ထောင်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။ အမျိုးသမီး အများအပြားဟာ ရာနီးယာရဲ့ အမှတ်တံဆိပ် ခတ်နှိပ်ခံရပြီး သွယ်လျတဲ့ ကိုယ်ခန္ဓာကို ထိန်းထားဖို့ အန္တရာယ်ရှိတဲ့ ဓာတ်စာတွေကို အတင်းအကျပ် စားခိုင်းခံရတယ်လို့ စွပ်စွဲထားပါတယ်။
2 years Ago

November 10, 2017

အမျိုးသမီးကို ၆ နှစ်ကြာ လိင်ကျွန်အဖြစ် အကျဉ်းချနှိပ်စက်ခဲ့သူအား ရဲတပ်ဖွဲ့စစ်ဆေး

အမျိုးသားတဦးက အင်တာနက် ဝက်ဘ်ဆိုက်ကနေ တွေ့ဆုံပေါင်းသင်းခဲ့တဲ့ အမျိုးသမီးကို လိင်ကျွန်တဦးအဖြစ် ၆ နှစ်ကြာ အကျဉ်းချခဲ့ပြီး သူတို့ ၂ ဦးရဲ့ ကလေးတွေရှေ့မှာလည်း အမျိုးသမီးကို ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံ မော်စကိုဒေသ ပွတ်ရှကီနိုမြို့မှာ ရီနက်ဘီလီယာနော့ဗ်ဆိုသူ အမျိုးသားက သူမရဲ့အမျိုးသမီးကို အကျဉ်းချထားပြီး ဓားစာခံလုပ်ကာ ပေါင်းသင်းပြီးနောက် ရလာတဲ့ ကလေး ၄ ဦးရဲ့အရှေ့မှာလည်း အမျိုးသမီးကို နှိပ်စက်ခဲ့လို့ ရဲတွေက စုံစမ်းစစ်ဆေးနေတာပါ။ မျက်နှာနဲ့ လက်မောင်းတွေမှာ ဒဏ်ရာအပြင်းအထန်ရထားတဲ့ အမျိုးသမီးရဲ့ ဓာတ်ပုံတွေ ထွက်ပေါ်လာပြီး အမည်ဖော်ပြထားခြင်းမရှိတဲ့ အမျိုးသမီးကို ဘီလီယာနော့ဗ်က အိမ်ကျဉ်းကလေးထဲကနေ ဘယ်တော့မှ ထွက်ခွင့်မပြုဘဲ သူတို့ရဲ့သားဖြစ်သူ ကြီးလာတဲ့အခါ မိခင်ကို ရိုက်နှက်ဖို့ သင်ပြခဲ့တယ်လို့ ဆိုပါတယ်။ အမျိုးသမီးက “ကျမတို့ရဲ့သားကို မင်း ကြီးလာရင် ငါအခုရိုက်သလိုမျိုး သူ့ကိုရိုက်ရမယ်၊ သူက အရမ်းဆိုးတော့ မင်းက လက်သီးနဲ့ထိုးရမယ်၊ ခြေထောက်နဲ့ကန်ရမယ်ဆိုပြီး ပြောတယ်” လို့ ဆိုပါတယ်။ သူတို့နှစ်ဦးဟာ စုံတွဲတွေ အချိန်းအချက်လုပ်တဲ့ အင်တာနက်ဝက်ဘ်ဆိုက်ကနေ တွေ့ဆုံခဲ့တာဖြစ်ပြီး တရားဝင် လက်မထပ်ခဲ့ပေမယ့် ဘာသာရေးဆိုင်ရာ မင်္ဂလာပွဲတော့ ကျင်းပခဲ့တယ်လို့ အမျိုးသမီးက ပြောပါတယ်။ အသက် ၂၀ ကျော်အရွယ် အမျိုးသမီးကို တိုက်ခန်းကျဉ်းလေးထဲမှာ လှောင်ပိတ်ထားပြီး ပြတင်းပေါက်တွေအားလုံးကိုလည်း ပျဉ်ချပ်တွေနဲ့ ပိတ်ကာထားကာ နေ့ရဲ့အလင်းရောင် မရရှိခဲ့ရဘူးလို့ ဆိုပါတယ်။ အဲဒီလို ပိတ်လှောင်ခံထားရစဉ်အတွင်း အမျိုးသမီးဟာ ကိုယ်ဝန် ၄ ကြိမ် ရခဲ့တာလို့ သူမရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ဒီအပတ်ထဲမှာပဲ အမျိုးသမီးဖြစ်သူက ရဲတွေကို ဖုန်းခေါ်ဆိုနိုင်ခဲ့ပြီး အကူအညီ တောင်းခံခဲ့လို့ အခန်းကို ချိုးဖျက်ဖွင့်အပြီးမှာတော့ အမျိုးသမီးနဲ့ ကလေး ၄ ယောက် လွတ်မြောက်လာတယ်လို့ မက်ရှ်သတင်းဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ အမျိုးသမီးက “ကျမတို့ကို အထဲမှာ တံခါးအမြဲပိတ်ထားပြီး ဘယ်မှသွားလို့မရဘူး။ ကျမရဲ့ အငယ်ဆုံးသမီးလေးဆို သူ့တသက် တခါပဲ အပြင်ထွက်ဖူးတယ်။ ကျမကို ကန်တယ်၊ တုတ်နဲ့ရိုက်တယ်၊ တခါဆို ကျမကို ရိုက်တာ တုတ်တောင်ကြိုးတယ်။ သော့ကို သူ့လက်ထဲမှာ အမြဲထားပြီး ကျမမိဘတွေက ပေါင် ၂ သန်းခွဲပေးမှ ကျမ ဒီတိုက်ခန်းလေးက ထွက်ရမယ်လို့ သူက ပြောတယ်” လို့ သူမရဲ့ ဒဏ်ရာတွေကို ပြသပြီး ပြောပါတယ်။ ဘီလီယာနော့ဗ်က တခါတလေ ကလေးတွေကို အပြင်ခေါ်သွားပေမယ့် သူမကိုတော့ အခန်းကျဉ်းထဲမှာ အမြဲလှောင်ပိတ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ သူမနဲ့ ကလေး ၄ ဦးစလုံး အမျိုးသမီး စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်ကြပြီး ကလေးတွေက ကောင်းကောင်းမွန်မွန် စကားမပြောတတ်သလို ကြီးထွားမှု ပြဿနာလည်း ရှိတယ်လို့ သိရပါတယ်။ ကနဦးစုံစမ်းမှုတွေပြီးရင် အမျိုးသားကို ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်တယ်လို့ ရဲတွေက အတည်ပြုပြောကြားကြောင်း မေရာသတင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up