လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ချဲလ်ဆီးနှင့် အာဆင်နယ် သရေကျ

January 11, 2018

လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ ချဲလ်ဆီးနှင့် အာဆင်နယ် သရေကျ (ရုပ်သံ)

အင်္ဂလန်လိဂ်ဖလား (ကာရာဘောင်ဖလား) ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ မနေ့က ယှဉ်ပြိုင်ရာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ဘဲ သရေကျသွားပါတယ်။ အိမ်ရှင် ချဲလ်ဆီးအသင်းဟာ ကော့တွိုက်စ်၊ ရူဒီဂါ၊ ခရစ္စတန်ဆန်၊ အလွန်ဆို၊ ဖာဘရီဂတ်စ်၊ ဟာဇက်၊ ကန်တေ၊ မိုရာတာ စတဲ့ အဓိက ကစားသမား အများအပြားနဲ့ ပွဲထွက်ခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ အိုဇေးကို အနားပေးပြီး ဆန်းချက်ကိုလည်း အရန်ကစားသမား အဖြစ်ပဲ ထည့်သွင်းခဲ့ကာ တိုက်စစ်မှာ လာကာဇက်တီ၊ ဝဲလ်ဘက်၊ အိုင်ဝိုဘီတို့နဲ့ ပွဲထွက်ခဲ့ပြီး ဝီလ်ရှီးယား၊ ဇာခါ၊ ဘယ်လာရင်၊ မူစတာဖီ၊ ချမ်ဘာစ်နဲ့ ဂိုးသမားအဖြစ် အော့စ်ပင်နာကို အသုံးပြုခဲ့ပါတယ်။ ချဲလ်ဆီးဟာ ဒီနေ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှုရော ထိုးဖောက်ကန်သွင်းမှုမှာပါ အသာစီးရခဲ့ပေမယ့် လိုအပ်တဲ့ အနိုင်ဂိုးကိုတော့ သွင်းယူနိုင်ခြင်း မရှိသလို အာဆင်နယ်ရဲ့ ထိုးဖောက်ကန်သွင်းချက်တချို့ကိုလည်း ချဲလ်ဆီးဂိုးသမား ကာကွယ်နိုင်ခဲ့တဲ့အတွက် ပွဲအပြီးမှာ ဂိုးမရှိသရေရလဒ်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲကိုတော့ လာမယ့် ဇန်နဝါရီ ၂၅ ရက်နေ့ အာဆင်နယ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
4 years Ago
Up