အင်္ဂလန်လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ဆောက်သမ်တန်နဲ့ လီဗာပူးတို့ ဇန်နဝါရီ ၁၁ ရက်ညက ယှဉ်ပြိုင်ရာ ဆောက်သမ်တန်က ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
လီဗာပူးဟာ ဒီပွဲမှာ ရှေ့ လယ် နောက် အဓိက ကစားသမားအများစုနဲ့ ပွဲထွက်ခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့ အိမ်ကွင်းမှာ မာမာထန်ထန် တုံ့ပြန်ကစားပုံကြောင့် အခက်တွေ့ခဲ့ရပါတယ်။
ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ အဓိက ကွင်းလယ်ကစားသမား ကော်တင်ဟိုလည်း လူစားလဲ ဝင်ကစားခဲ့ပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှု မလုပ်နိုင်ခဲ့တာကြောင့် အရှုံးပေးခဲ့ရတာပါ။
ဒီပွဲမှာ လီဗာပူးက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူနိုင်ခဲ့ပေမယ့် ဂိုးကန်သွင်းခွင့်ကတော့ မတိမ်းမယိမ်းပဲ ရှိနေခဲ့တာပါ။
ဆောက်သမ်တန်အတွက် တလုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် မိနစ် ၂၀ မှာ ရက်ဒ်မွန်က သွင်းယူပေးခဲ့ပါတယ်။
ဒီနှစ်သင်းရဲ့ ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကိုတော့ လာမယ့် ဇန်နဝါရီ ၂၆ ကျရင် လီဗာပူးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
6 years Ago