လိဂ်ဖလား စတုတ္ထအဆင့်တွင် ချဲလ်ဆီးက အဲဗာတန်ကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင်

October 26, 2017

လိဂ်ဖလား စတုတ္ထအဆင့်တွင် ချဲလ်ဆီးက အဲဗာတန်ကို ၂ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ချဲလ်ဆီးနဲ့ အဲဗာတန်တို့ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်လိဂ်ဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ နိုင်ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းသွားပါတယ်။ ချဲလ်ဆီးဟာ ဒီပွဲမှာ ဝီလီယံ၊ ဘတ်ရှူးအာယီ၊ ကာဟေး၊ ရူဒီဂါ စတဲ့ အဓိက ကစားသမားတချို့ကို အရန်ကစားသမားတချို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးရွားနေလို့ လောလောလတ်လတ် နည်းပြ ကိုးမန်းကို ရာထူးက ထုတ်ပယ်ထားတဲ့ အဲဗာတန်ကတော့ ဒီပွဲမှာ ရလဒ်ကောင်းဖို့အတွက် အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့တာပါ။ ချဲလ်ဆီးဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီးရခဲ့ပေမယ့် ထိုးဖောက် ကန်သွင်းခွင့်မှာတော့ နှစ်သင်း မတိမ်းမယိမ်း ရှိခဲ့တာပါ။ ပွဲချိန် ၂၆ မိနစ်မှာ ချဲလ်ဆီးနောက်ခံလူ ရူဒီဂါက ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ ချဲလ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ အဲဗာတန်အသင်း ချေပဂိုးရဖို့ တိုက်စစ်ဆင် ထိုးဖောက်ကန်သွင်းခဲ့ပေမယ့် ကန်သွင်းချက်လွဲချော်တာ၊ ချဲလ်ဆီးဂိုးသမား ကာကွယ်နိုင်တာတွေကြောင့် ဂိုးမရနိုင်ဘဲ ဖြစ်ခဲ့တာပါ။ ချဲလ်ဆီးအတွက် ဒုတိယဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပို ၂ မိနစ်မှာ တိုက်စစ်မှူး ဝီလီယံက သွင်းယူပေးခဲ့ပြီး မကြာခင်ပဲ အဲဗာတန်က ချေပဂိုး တဂိုး ပြန်သွင်းခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
4 years Ago
Up