လိဂ်ဖလားဆွတ်ခူးပြီးနောက် လီဗာပူး၏ ဆုဖလားစံချိန်ကို မန်ယူ အမီလိုက်နိုင်

February 27, 2017

လိဂ်ဖလားဆွတ်ခူးပြီးနောက် လီဗာပူး၏ ဆုဖလားစံချိန်ကို မန်ယူ အမီလိုက်နိုင်

မန်ယူအသင်းဟာ မနေ့က ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ အနိုင်ရပြီး ဆုဖလားတလုံး ရယူနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ ဆုဖလားစံချိန်ကို အမီလိုက်နိုင်ခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးသမိုင်းမှာ လီဗာပူးအသင်းက အဓိကဖလား စုစုပေါင်းအရေအတွက် ၄၁ လုံးနဲ့ အင်္ဂလန်ဘောလုံးလောကရဲ့ ဆုဖလားအများဆုံးအသင်းအဖြစ် စံချိန်တင်ထားတာဖြစ်ပြီး မန်ယူအသင်းက အမီလိုက်နိုင်ခဲ့တာပါ။ မန်ယူအသင်းဟာ ဒီနှစ်လိဂ်ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့လို့ ဒီဆုကို ၅ ကြိမ်မြောက်ရရှိခဲ့တာဖြစ်ပြီး အမှတ်ပေးလိဂ်ဖလား အကြိမ် ၂၀၊ အက်ဖ်အေဖလား ၁၂ ကြိမ်၊ ဥရောပချန်ပီယံလိဂ်ဖလား ၃ ကြိမ်နဲ့ တခြား ဥရောပဖလားတကြိမ်၊ စုစုပေါင်း ဆုဖလား ၄၁ လုံး ရရှိထားတာဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ဆုဖလားအရေအတွက်မှာ လီဗာပူးအသင်းကို အမီလိုက်ခဲ့ပေမယ့် ဆုဖလားတန်ဖိုးအရ တွက်ချက်ထားတဲ့ အမှတ်ပေးမှုမှာတော့ လီဗာပူးအသင်းက ၂၆၈ မှတ် ရရှိထားပြီး မန်ယူအသင်းက ၂၆၂ မှတ် ရရှိထားပါတယ်။ လီဗာပူးနဲ့ မန်ယူအသင်းတို့ရဲ့ နောက်မှာတော့ အာဆင်နယ်အသင်းက စုစုပေါင်း ဆုဖလား ၂၈ လုံးနဲ့ တတိယလိုက်နေပြီး အက်စ်တွန်ဗီလာက ဆုဖလားအလုံး ၂၀ နဲ့ စတုတ္ထ၊ ချဲလ်ဆီးအသင်းကလည်း ဆုဖလား ၂၁ လုံး ရထားပေမယ့် အမှတ်တွက်ချက်မှုအရ ပဉ္စမနေရာတွေမှာ အသီးသီး ရပ်တည်နေပါတယ်။
4 years Ago
Up