စပါးနဲ့ပွဲမှာ ပယ်နယ်တီပေးခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ချဲလ်ဆီးနည်းပြ ဆာရီက ဝေဖန်သွားပါတယ်။
ချဲလ်ဆီးအသင်းဟာ စပါးနဲ့ကစားခဲ့တဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဟယ်ရီကိန်းရဲ့ ပယ်နယ်တီဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့တာပါ။
အဲဒီပွဲမှာ ဟယ်ရီကိန်းက ချဲလ်ဆီးလူကျွံထောက်ချောက်ကို ကျော်ဖြတ်ပြီး ဂိုးသမားနဲ့ ရင်ဆိုင်အတွေ့မှာ ဂိုးသမားက ဖျက်ထုတ်မှုကြမ်းခဲ့တယ်ဆိုပြီး ဒိုင်လူကြီးက ပယ်နယ်တီပေးခဲ့တာပါ။
ချဲလ်ဆီးဂိုးသမား ကတ်ပါ ကျူးလွန်တဲ့ ပြစ်ဒဏ်ဘောက အငြင်းပွားဖွယ်ဖြစ်ခဲ့လို့ ဒိုင်လူကြီးက ဗွီဒီယိုပြန်ကြည့်ပြီးမှ ပယ်နယ်တီပေးခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီပြစ်ဒဏ်ဘော မကျူးလွန်ခင်မှာ ဟယ်ရီကိန်းရဲ့ အနေအထားက လူကျွံနေခဲ့ပြီး အင်္ဂလန်ဒိုင်လူကြီးတွေအနေနဲ့ VAR စနစ်ကို သေချာ အသုံးမပြုတတ်သေးဘူးလို့ ဆာရီက ဝေဖန်ခဲ့ပါတယ်။
ဟယ်ရီကိန်းရဲ့ ဒူးနဲ့ ဦးခေါင်းဟာ လူကျွံနေခဲ့ပြီး စည်းကြပ်ဒိုင်လူကြီးတွေ အနေနဲ့ ဘောလုံးရှိတဲ့နေရာကို အမီလိုက်ကြည့်ဖို့ လိုတယ်လို့ ဆာရီက ဝေဖန်ခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပထမအကျော့မှာ ရှုံးပွဲတွေ့ခဲ့တာကြောင့် ဇန်နဝါရီ ၂၂ ရက်မှာ ကစားမယ့် ဒုတိယအကျော့မှာ နိုင်ပွဲရဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။
4 years Ago