လားဟူရွာသား ၁ဦး ပစ်သတ်ခံရသည့်ကိစ္စ  ထိုင်းရဲ ၇ ဦးကို တာဝန်ဆိုင်းငံ့

July 31, 2019

လားဟူရွာသား ၁ဦး ပစ်သတ်ခံရသည့်ကိစ္စ  ထိုင်းရဲ ၇ ဦးကို တာဝန်ဆိုင်းငံ့

ထိုင်းမြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ၀ိန်းဟိုင်မြို့နယ် ဘန့်ဟွေ့ခိုက်မိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ အပတ်က ရွာသား ၁ ဦး ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး ၀ိန်းဟိုင်နယ်မြေရဲတပ်ဖွဲ့ ဒုစခန်းမှူးနဲ့  ရဲတပ်ဖွဲ့ဝင် ၆ ဦး ပေါင်း ၇ ဦးတို့ကို တာဝန်ဝတ္တရားမှ ယာယီဆိုင်းငံ့ထားတယ်လို့ အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်က ပြောပါတယ်။  သူတို့ရွာသား ပစ်သတ်ခံရတာကို မကျေနပ်တဲ့ ရွာသားတွေဟာ မြို့နယ်ရုံးမှာ သေသူရဲ့ အလောင်းကို သယ်ဆောင်ဆန္ဒပြခဲ့တဲ့အပြင် ယမန်နေ့ကလည်း  ချင်းမိုင်ခရိုင် အုပ်ချုပ်ရေးရုံးနဲ့ အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်ကို လူရာနဲ့ချီ ချီတက်လာပြီး ရွာသားကို ပစ်ခတ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် တွေကို အမြန်ဆုံးရွှေ့ပြောင်းဖို့၊ တရားမျှတရေးအတွက် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တာပါ။  ရွာသားတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောခြင်းအားဖြင့် အခင်းဖြစ်ရာမှာပါဝင်သူ ၀ိန်းဟိုင်နယ်မြေရဲစခန်းက ဒုစခန်းမှူး အပါအ၀င် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို အမှုစစ်ဆေးမှု မပြီးမချင်း တာဝန်က ယာယီဆိုင်းငံ့ထားလိုက်တယ်လို့ အမှတ် ၅ တိုင်းဒေသ ဒုရဲမှူးချုပ် ဖာနုတေချ ဘွန်းရုန်း က ယမန်နေ့ ညနေပိုင်း သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ အမှုမှန်ပေါ်ပေါက်ရေးအတွက် အုပ်ချုပ်ရေးပိုင်း၊ ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ တရားရေးဌာနဆိုင်ရာ တာဝန်ရှိသူတွေပါဝင်သော ဘက်မလိုက်ကော်မတီတရပ် ဖွဲ့စည်းပြီး ကွင်းဆင်းစစ်ဆေးနေ ပါတယ်။ သေဆုံးသူ နိုင်းကျကျည်းဟာ ပြီးခဲ့တဲ့နှစ်က မူးယစ်မှုနဲ့ ချင်းမိုင်ခရိုင်တရားရုံးမှာ ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်ပါတယ်။  အခင်းဖြစ်တဲ့နေ့က တာဝန်ရှိရဲက စစ်ဆေးဖို့ ရပ်တံ့ခိုင်းရာ ဆိုင်ကယ်မောင်းသမားက ဆိုင်ကယ်ပစ်ကာ တောထဲထွက်ပြေးခဲ့ပြီး နိုင်းကျကျည်းက ပါလာတဲ့ပြောင်းရှည်သေနတ်နဲ့ ရဲကို စတင်ပစ်ခတ်ရာက ရဲက ပြန်ပစ်လိုက်တာကြောင့် သေဆုံးသွားတာလို့  ဒုရဲမှူးချုပ်က ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်သွားသူကိုတော့ စွဲချက်တင်ထားတာမရှိသေးပေမယ့် သူဟာ ဖြစ်စဉ်မှာ အရေးပါတဲ့ မျက်မြင်သက်သေဖြစ်တာကြောင့် သူ့ကိုစုံစမ်းရှာဖွေနေပါတယ်။  ရွာသားတွေက ၀ိုင်းရိုက်လို့ ဒုစခန်းမှူး ခေါင်းကွဲပြီး ဒဏ်ရာရတဲ့ကိစ္စမှာလည်း ဘယ်ရွာ သားကိုမှ အမှု ဖွင့်ထားတာမရှိသေးပါဘူး။  ရွာသားတွေကတော့ သေဆုံးသူ နိုင်းကျကျည်းဟာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်သူ မဟုတ်သလို အခင်းဖြစ်တဲ့နေ့က သေနတ်ကိုင်ဆောင်ခြင်းမရှိဘဲ သူ့မှာ ငရုတ်ခင်းက ပါလာတဲ့ ငရုတ်သီးနဲ့ လေးဂွ သာရှိတယ်လို့ ပြောပါတယ်။  ကိုးကား - ချင်းမိုင်နယူးစ် ၊ ထိုင်းရတ် ၊ ခေါဝ်ဆွတ်   
2 years Ago
Up