လာရောက်ဖျော်ဖြေမည်

October 23, 2016

နိုင်ငံတကာဆက်ကပ် မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေမည်

ပြည်တွင်းမှာ ပျောက်ကွယ်လှနီးပါးဖြစ်နေတဲ့ ဆပ်ကပ်ယဉ်ကျေးမှုကို ပြန်လည်ဖော်ထုတ်နိုင်ဖို့  နိုင်ငံတကာအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆပ်ကပ်ဖျော်ဖြေ ပွဲ တခုပြုလုပ်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံတကာမှ ဆပ်ကပ်ဖျော်ဖြေပွဲဟာ ဒီနှစ်အတွင်း ပြည်တွင်းကို  ပထမဆုံးအကြိမ် လာရောက်တင်ဆက် ဖျော်ဖြေမှာဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ဆပ်ကပ်ပြပွဲဟာ ပျောက်ကွယ်လှနီးပါးဖြစ်နေတာကြောင့် ဆပ်ကပ်ယဉ်ကျေးမှု၊ ဆပ်ကပ်ဖျော်ဖြေမှုတွေကို ဆပ်ကပ်ဝါသနာရှင်တွေအနေနဲ့ ပြန်လည်ခံစားနိုင်ဖို့ပြပွဲကို စီစဉ်ခဲ့တာလို့ စီစဉ်သူ မအိမွန်သွယ်က ပြောပါတယ်။ “ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဒီဆပ်ကပ်ယဉ်ကျေးမှုကို အမတို့ ပြည်သူတယောက် အနေနဲ့ပေါ့နော်။ အားလုံးကို ချပြချင်တယ်။ ပြီးတော့ ဒီဆပ်ကပ်ရဲ့ ယဉ်ကျေးမှုရယ် တကယ်တော့ ဆပ်ကပ်ယဉ်ကျေးမှုဆိုတာ တခြား ဖျော်ဖြေပွဲတွေနဲ့ မတူပါဘူး။ ကလေး၊ လူကြီး၊ မိသားစု တမိသားစုလုံးအတွက်ပေါ့နော်။ တကယ့်ကို ကြီးမားတဲ့ ဖျော်ဖြေပွဲပဲ။ ဘာလို့လဲဆိုတော့ ဒီ ဖျော်ဖြေပွဲက လွယ်လွယ်နဲ့လည်း မရနိုင်ဘူး။ အမှန်တိုင်းပြော ရရင် အမတို့က တီဗွီဖန်သားပြင်ကပဲ ကြည့်ဖူးခဲ့တယ်။ တကယ့်ကွင်းကြီးထဲမှာ ၀င်ပြီးတော့ ဒီဖျော်ဖြေပွဲမျိုးကို ဒီဖီလင်မျိုးလေးကို ရချင်တယ်။ ပရိသတ်တယောက်အနေနဲ့။ ဒီအတွက်လည်း အမကထပ်တူ ပရိသတ်နေရာက ခံစားပြီးတော့ အမတို့ ဒီဟာလေးကို စီစဉ်ဖြစ်တာပါ။” ဒီဆပ်ကပ်အဖွဲ့ဟာ ရန်ကုန်မှာ အောက်တိုဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၂၅ ရက်နေ့အထိ ဖျော်ဖြေသွားမှာပါ။ ရွှေလိပ်ပြာဆပ်ကပ်အဖွဲကိုတော့ ပြည်သစ်နိုင်ငံဆပ်ကပ်ပညာရှင်ကဦးဆောင်ပြီး အာဂျင်တီးနား၊ အီတီယိုပီးယား၊ ကနေဒီယမ်း၊ မြန်မာ စတဲ့ နိုင်ငံတကာမှ ဆပ်ကပ်ပညာရှင် ၂၀ ကျော်ပါဝင်ပါတယ်။ “အရင်တုန်းက ဆပ်ကပ်အဖွဲ့တွေက စီးပွားရေးမကောင်းတဲ့အခါကျတော့ သူတို့အနေနဲ့ ပြန်ကြည့်ရင်လည်း စီးပွားရေးအရ လုံးပမ်းနေရတဲ့အခါကျတော့ နည်းပညာပိုင်းဆိုင်ရာတွေ မှာ ကြိုးစားအားထုတ်နိုင်မှု စွမ်းရည်တွေ၊ ရုံအပြင်အဆင်ပိုင်းဆိုင်ရာတွေမှာ ပိုပြီးတိုးတက်အောင် လုပ်နိုင်မှု စွမ်းရည်တွေ သူတို့လည်း လျော့ကျပါတယ်။ ဒါလည်း လက်ရှိနိုင်ငံရဲ့ အခြေအနေ ပေါ့လေ။ ပရိသတ်ရဲ့အခြေအနေတွေကြောင့် ဖြစ်တာပါ။ ပရိသတ်ရဲ့ အခြေအနေဆိုတာ နိုင်ငံ ရဲ့အခြေအနေပေါ့။ နိုင်ငံရဲ့ စီးပွားရေး အခြေအနေအရ တဖြည်းဖြည်း ပညာရပ်ပိုင်းဆိုင်ရာ တွေလည်း လျော့ကျလာတယ်။ နည်းပညာပိုင်းပေါ့ နည်းပညာပိုင်းတွေလည်း လျော့ကျလာ တယ်။ စီးပွားရေးတွေလည်း လျော့ကျလာတယ်။ အခုဒါပြန်ပြီးတော့ စတင်လာတာပါ။ လာတဲ့ ပညာရှင်တွေအားလုံးကလည်း ကျနော်တို့ တသက်မှာကြည့်ခဲ့ရတဲ့ ဆပ်ကပ်တင်ဆက်မှုပိုင်း ဆိုင်ရာတွေနဲ့ တခါမှာ မမြင်ဖူးတဲ့ဟာတွေပေါ့နော်။ အဲဒီအဖွဲ့တွေ အားလုံးပါပါတယ်။ ကျနော် လည်း သူတို့နဲ့အတူတူ ရောပြီးတော့ လေ့ကျင့်နေရပါတယ်။” လို့ မျက်လှည့်ပညာရှင် ဦးခိုင်မြဲ ကပြောပါတယ်။ ရွှေလိပ်ပြာဆပ်ကပ်အဖွဲ့ဟာ ပြည်တွင်း  ၆ လကြာ ဖျော်ဖြေပေးသွားမှာဖြစ်ပြီး ရန်ကုန်၊ မကွေး၊ မိတ္ထီလာ၊ မန္တလေး၊ တောင်ကြီး စတဲ့ မြို့တွေမှဖျော်ဖြေသွားမယ်လို့ သိရပါတယ်။
6 years Ago
Up