လာနေသောရထားရှေ့ ခုန်ချသည့် အမျိုးသားကြီး အံ့သြဖွယ်ရာ အသက်ရှင်

April 5, 2017

လာနေသောရထားရှေ့ ခုန်ချသည့် အမျိုးသားကြီး အံ့သြဖွယ်ရာ အသက်ရှင် (ရုပ်သံ)

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဒါလီရန်မြို့က ရထားဘူတာရုံမှာ ဧပြီ ၂ ရက် နေ့လယ်လောက်က အမျိုးသားကြီးတဦး လာနေတဲ့ရထားရှေ့တည့်တည့်ကို ခုန်ချခဲ့တယ်လို့ ရှန်ဟိုင်းရစ်စ်သတင်းမှာ ဖော်ပြထားပါတယ်။ အမျိုးသားကြီးဟာ ရထားလမ်းကိုချဉ်းကပ်ပြီး ဘူတာထဲ ရထားရောက်မလာခင် စက္ကန့်ပိုင်းအလိုမှာပဲ ပလက်ဖောင်းပေါ်ကနေ ရထားရှေ့ ခုန်ချခဲ့တဲ့အတွက် တခြားခရီးသွားတွေ အံ့သြထိတ်လန့်သွားခဲ့ရတဲ့ ဒီမြင်ကွင်းကို စီစီတီဗွီကင်မရာတွေထဲမှာ တွေ့ရပါတယ်။ ကြည့်နေတဲ့ ခရီးသွားတွေအားလုံးက ဒီအမျိုးသားကြီး ရထားတိုက်မိပြီး သေမယ်လို့ ထင်ခဲ့ကြပေမယ့် အမျိုးသားကြီးက ရထားသံလမ်းကြားထဲ မြေပြင်ပေါ်မှာ ပြားပြားဝပ်လဲကျခဲ့ပြီး ရထား သူ့အပေါ် ခုတ်မောင်းသွားစဉ်မှာ သူ့ကို လုံးဝမထိဘဲ အသက်ရှင်ခဲ့ပါတယ်။ ဒီနောက် ရထားရပ်လိုက်ပြီး ထိတ်လန့်နေတဲ့ ကြည့်ရှုသူတွေလည်း ရထားအောက်ကနေ အမျိုးသားကြီးကို ကယ်တင်ခဲ့ပါတယ်။ အခုအချိန်မှာ အမျိုးသားကြီးရဲ့ အခြေအနေ ကောင်းမွန်စွာရှိနေပြီး ဘာကြောင့် အခုလို ခုန်ချခဲ့သလဲ ဆိုတာတော့ တိတိကျကျ မသိရသေးဘဲ အာဏာပိုင်တွေကတော့ စုံစမ်းမှုတွေ လုပ်နေပါတယ်။ ပြီးခဲ့တဲ့လက နန်ဂျင်းဘူတာရုံမှာ ရထားပလက်ဖောင်းဆီကို ရောက်ဖို့ ရထားရှေ့ကနေ လမ်းလျှောက်ခဲ့လို့ ရထားတိုက် သေဆုံးခဲ့တဲ့လူထက်စာရင် ဒီအမျိုးသားကြီးက ကံကောင်းတယ်လို့ ဆိုပါတယ်။
4 years Ago
Up