လာအိုနိုင်ငံ မြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော် ခရီးသည်တင် ဘတ်စ်ကားတစီး မတ်လ ၂၃ ရက်ညက တိုက်ခိုက်ခံခဲ့ရလို့ တရုတ်နိုင်ငံသား ၆ ဦး ဒဏ်ရာရတယ်လို့ တရုတ်သံရုံးက ပြောပါတယ်။
ခရီးသည် ၂၅ ဦးနဲ့ ကားမောင်းသူ ၃ ဦး တင်ဆောင်ထားတဲ့ ဘတ်စ်ကားဟာ တရုတ် အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ခွေ့မိင်ကနေ လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းကိုအလာ လမ်းပေါ်မှာ တိုက်ခိုက်ခံရတာပါ။
ဗီယန်ကျန်းခရိုင် ကာစီမြို့က လမ်းပေါ်မှာ ဒေသစံတော်ချိန် ည ၉ နာရီလောက်က ဘယ်သူဘယ်ဝါမသိရတဲ့ သေနတ်သမားတွေရဲ့ ပစ်ခတ်တာ ခံခဲ့ရပါတယ်။
ဒဏ်ရာရသူတွေဟာ အမျိုးသား ကားမောင်းသူတွေနဲ့ ဘတ်စ်ကားပေါ်က ခရီးသည်တွေလို့ တရုတ်သံရုံးအရာရှိတွေက တရုတ်အစိုးရမီဒီယာ ဆင်ဟွာကို မတ် ၂၄ ရက်နေ့က ပြောပါတယ်။
ကားမောင်းသူလည်း ဒဏ်ရာရပေမယ့် ကားကို ဘေးကင်းရာ မောင်းလာနိုင်ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ဒဏ်ရာရသူ တရုတ်နိုင်ငံသား အားလုံးကို ဒေသခံဆေးရုံမှာ တင်ပို့ကုသထားပြီး အမျိုးသားတဦး ဒဏ်ရာပြင်းထန်တယ်လို့ လာအိုနိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောခွင့်ရက ပြောပါတယ်။
လာအိုနိုင်ငံအတွင်းက တရုတ်နိုင်ငံသားတွေကိုလည်း လတ်တလောမှာ လုံခြုံရေး သတိရှိမှု တိုးမြှင့်ကြဖို့ တရုတ်သံရုံးက သတိပေးခဲ့ပါတယ်။
မတ်လ ၁ ရက်နေ့ကလည်း လာအိုနိုင်ငံ လွမ်ပရာဘန်ခရိုင်အတွင်း ဘယ်သူဘယ်ဝါ မသိရတဲ့ သေနတ်သမားတွေက တရုတ် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ တခုကို တိုက်ခိုက်ခဲ့လို့ တရုတ် နိုင်ငံသားတဦး သေဆုံးပြီး တခြား ၃ ဦး ဒဏ်ရာရပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ဇေစွန်ဘောင်ခရိုင်မှာ ဘတ်စ်ကားတစီးကို ဗုံးနဲ့ တိုက်ခိုက်ခဲ့လို့ တရုတ်နိုင်ငံသား ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
5 years Ago