လာအိုဆည်

July 27, 2018

ဆည်ကျိုးပြီး ရေဘေးသင့်ခဲ့သည့် လာအိုပြည်သူများ ကယ်ဆယ်ရေးပစ္စည်း လိုအပ်နေ

လာအိုဆည်ကျိုးမှုကြောင့် ဖြစ်ခဲ့တဲ့ ရေကြီးမှုမှာ ရေဘေးသင့်ခဲ့တဲ့ ပြည်သူတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေ လိုအပ်နေပါတယ်။ လာအိုနိုင်ငံတောင်ပိုင်း အတ္တာပူပြည်နယ်က ဆာနမ်ဆေးခရိုင်မှာ ရေအားလျှပ်စစ်ထုတ်တဲ့ ဆည်တခု ဇူလိုင် ၂၃ ရက်နေ့က ကျိုးပျက်ခဲ့လို့ ရေလွှမ်းခံခဲ့ရတဲ့ ဆည်အောက်ခြေ ရွာတွေမှာ ကယ်ဆယ်ရေးပစ္စည်းတွေ အရေးပေါ်လိုအပ်နေပါတယ်။ ရှီပီရန် ရှီနမ်နွိုင် (Xepian-Xe Nam Noy) ဆည် စီမံကိန်းကြီးရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်တဲ့ အရန်ဆည်ကျိုးပြီး ရေကုဗမီတာ ၅ ဘီလျံလောက် စီးဆင်းခဲ့လို့ လူ ၂၆ ဦးသေဆုံးပြီး ၁၃၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဆာနမ်ဆေးခရိုင်ထဲက ကျေးရွာ ၆ ရွာ ရေမြုပ်ခဲ့ပြီး ရွာသား ၆၆၀၀ ကျော် ရေဘေးသင့်နေပါတယ်။ လမ်းတွေ တံတားတွေပေါ် ရွှံ့နှစ်တွေပြည့်နေလို့ အကူအညီပစ္စည်းတွေ ပေးပို့ရာမှာ အခက်တွေ့နေရပါတယ်။ “အားလုံးက ကယ်ဆယ်ရေးပစ္စည်းတွေကို ဒီကို စပြီး ပို့ထားပြီးပါပြီ။ ဒါပေမယ့် ဒီမှာ ရေဘေးသင့်ပြည်သူ များလွန်းလို့ အကူအညီတွေ လိုနေပါသေးတယ်” လို့ ဆာနမ်ဆေးခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ လာအိုနိုင်ငံထဲမှာ ရေအားလျှပ်စစ်စီမံကိန်းတခု လုပ်နေတဲ့ တရုတ်စီးပွားရေးလုပ်ငန်း တခုကလည်း ရေဘေးသင့်ဒေသကို လိုအပ်တဲ့ အကူအညီတွေပေးပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်နေပါတယ်။ “ဒီမှာ အခုလောလောဆယ် အရေးတကြီး လိုအပ်နေတာက သောက်သုံးရေ၊ ရွက်ဖျင်တဲတွေနဲ့ ဂွမ်းအိပ်ယာခင်းတွေပါ” လို့ တရုတ် Three Gorges Corporation လက်အောက်က Nam Ngiep 1 Hydro စီမံကိန်း အထွေထွေမန်နေဂျာက ပြောပါတယ်။ တချိန်တည်းမှာပဲ လာအို၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဆည်ပြိုကျမှုကြောင့် ရေလွှမ်းသွားတဲ့ ကျေးရွာတွေမှာ ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။
3 years Ago

လာအိုတွင် ဆည်ကျိုးမှုကြောင့် ရေလွှမ်းသွားသည့် ကျေးရွာများအား ကယ်ဆယ်ရေးလုပ်

လာအို၊ ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ကယ်ဆယ်ရေးအဖွဲ့တွေဟာ လာအိုနိုင်ငံ အတ္တာပူပြည်နယ်ထဲက ဆည်ကျိုးမှုကြောင့် ရေလွှမ်းသွားတဲ့ ကျေးရွာတွေမှာ   ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေပါတယ်။ ထိုင်းနိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဟာ ဆာနမ်ဆေးခရိုင်ထဲက ရေလွှမ်းနေတဲ့ ရွာတွေဆီကို အကူအညီပေးဖို့ ပထမဆုံး ဝင်ရောက်ခွင့်ရတဲ့ ပြည်ပ ကယ်ဆယ်ရေးအဖွဲ့ ဖြစ်ပါတယ်။ ထိုင်း ရေဘေးအန္တရာယ်နဲ့ ရေငုပ်ကယ်ဆယ်ရေးအဖွဲ့က အဖွဲ့ဝင် ၈ဝ ကျော် ကယ်ဆယ်ရေးလှေတွေနဲ့ လိုအပ်တဲ့ အကူအညီ ပစ္စည်းတွေနဲ့အတူ နှစ်နိုင်ငံနယ်စပ်ကနေ ဝင်ရောက်လာတာဖြစ်ပြီး ပျောက်ဆုံးနေသူတွေကို ရှာဖွေရာမှာ ပါဝင်မယ်လို့ ဗီယန်တိုင်း တိုင်းမ်စ်သတင်းစာက ဖော်ပြပါတယ်။ ဒီအတောအတွင်းမှာပဲ တရုတ်နိုင်ငံက ကယ်ဆယ်ရေးသမား အယောက် ၃ဝ ကျော်ဟာ ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့၊ ရေဘေးသင့်သူတွေကို အကူအညီပေးဖို့ ဒေသန္တရ အရာရှိတွေဆီမှာ မှတ်ပုံတင်ထားတယ်လို့ သိရပါတယ်။ ကျိုးပေါက်သွားတဲ့ ဆည်ဟာ အမေရိကန်ဒေါ်လာ သန်း ၁၂၀၀ ခန့် ကုန်ကျမယ့်  ရှီပီရန် ရှီနမ်နွိုင် (Xepian-Xe Nam Noy) ဆည် စီမံကိန်းကြီးရဲ့ အစိတ်အပိုင်းထဲမှာ ပါဝင်တဲ့ အရန်ဆည်ဖြစ်ပါတယ်။ ဆည်ကျိုးမှုမှာ သေဆုံးသူ ၂၇ ဦးရှိပြီး ပျောက်ဆုံးသူ ၁၃၁ ဦးရှိတယ်လို့ လာအိုအစိုးရက သတင်းထုတ်ပြန်ထားပေမယ့် တကယ့်စာရင်းအမှန်ဟာ ဒီထက့်ပိုနိုင်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေက ယူဆထားပါတယ်။
3 years Ago
Up