မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ကျင်းပနေတဲ့ ဆီးဂိမ်း အမျိုးသားဘောလုံးပွဲစဉ်မှာ လာအိုအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဆီမီးဖိုင်နယ်တက်ဖို့ အခွင့်အလမ်းကောင်းသွားတဲ့ မြန်မာယူ-၂၂ အသင်းကို အမေရိကန်ဒေါ်လာ ၃ သောင်း ဂုဏ်ပြုချီးမြှင့်ခဲ့ပါတယ်။
ကမ္ဘောဇဘဏ်နဲ့ ဧရာဝတီဘဏ်တို့က အမေရိကန်ဒေါ်လာ တသောင်းစီ၊ ဦးမောင်မောင်၊ ဦးထွန်းထွန်းနဲ့ မိတ်ဆွေတွေက အမေရိကန်ဒေါ်လာ တသောင်း ချီးမြှင့်ခဲ့ကြတာပါ။
ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ပွဲဦးထွက်မှာ မြန်မာအသင်းက စင်ကာပူကို အနိုင်ရခဲ့တုန်းကလည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဦးဆောင်သူတွေက အမေရိကန်ဒေါ်လာ ၅ သောင်း ဆုချီးမြှင့်ခဲ့ပါသေးတယ်။
မြန်မာအသင်းဟာ အုပ်စုတွင်း နှစ်ပွဲကစားပြီး နှစ်ပွဲစလုံး အနိုင်ရကာ ရမှတ် ၆ မှတ်၊ ဂိုးကွာခြားချက်အသာနဲ့ အိမ်ရှင်မလေးရှားရဲ့အထက် အုပ်စုထိပ်ဆုံးက ဦးဆောင်ထားနိုင်ပါတယ်။
မြန်မာအသင်းဟာ အုပ်စုတွင်း လက်ကျန်ပွဲတွေအဖြစ် လာမယ့် သြဂုတ် ၁၈ ရက်နေ့မှာ ဘရူနိုင်း၊ ၂၁ ရက်နေ့မှာ အိမ်ရှင် မလေးရှားအသင်းတို့နဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
5 years Ago