လာမည့် ရွေးကောက်ပွဲတွင် မသန်စွမ်းများ ကိုယ်တိုင်မဲပေးနိုင်ရန် ဆောင်ရွက်ပေးမည်

July 12, 2015

အရပ်ဘက်အဖွဲ့များ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာအချို့တွင် ရွေးကောက်ပွဲ ပညာပေး

ရွေးကောက်ပွဲဆိုင်ရာ မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းကို ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတချို့ ကွင်းဆင်းလုပ်ဆောင်နေပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စဉ် ဖြစ်ပေါ်ဖို့အတွက် ရည်ရွယ်ပြီး ဧရာဝတီလူမှု ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နဲ့ ဧရာဝတီလူငယ်ကွန်ရက်တို့က ဇလွန်မြို့နယ်အတွင်းရှိ သွားလာရခက်ခဲတဲ့ ကော့ကပ်ကလေးကျေးရွာအုပ်စု အိုင်ဆည်ကျေးရွာမှာ ဇူလိုင် ၁၁ ရက်နေ့ နေ့လယ်က ဒေသခံတွေကို ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးသင်တန်းတခု သွားရောက်ဖွင့်လှစ်ပို့ချပေးခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ ရွေးကောက်ပွဲဆိုင် အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ ဧရာဝတီတိုင်း ဒေသကြီးအတွင်း မြို့နယ် ၂ဝ လောက် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားပါတယ်။ သွားလာရေး ခက်ခဲတဲ့ နေရာဒေသတွေနဲ့ ရွေးကောက်ပွဲဆိုင်ရာ အသိပညာအားနည်းတဲ့ နေရာဒေသတွေကို အခြေခံရွေးချယ်ပြီး တမြို့နယ် ကျေးရွာ ၃ ရွာမှ ၅ ရွာအထိ ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်း လိုက်လံလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆန္ဒရှင်အသိပညာပေးဆောင်ရွက်ရာမှာ ရွေးကောက်ပွဲဆိုင်ရာ အသိပညာဗဟုသုတတွေ၊ ဆန္ဒမဲပေး ရွေးချယ်ရတဲ့ အဓိပ္ပာယ်၊ မဲပေးပုံ စနစ်တကျရှိစေရေး စတာတွေကို အသိပညာပေး ဆွေးနွေးပို့ချခဲ့ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရွေးကောက်ပွဲဆိုင် အသိပညာပေးလုပ်ငန်းကို ဧရာဝတီလူမှုဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (ASDO)၊ ဧရာဝတီလူငယ်ကွန်ရက် (AYN)၊ အစိမ်းရောင်တောင်သူသင်တန်းကျောင်း (GPI) နဲ့ ယုံကြည်စိတ်ချရသော ရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (I pece) တို့က တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ ပူးပေါင်း လုပ်ဆောင်နေပြီး ကျုံပျော်၊ လေးမျက်နှာ၊ သာပေါင်းတို့တွင် ဖွင့်လှစ်ပို့ချခဲ့ပြီးဖြစ်ပါတယ်။ သတင်းဓာတ်ပုံ - ပြည့်ဖြိုး စီဂျေ  
6 years Ago

July 1, 2015

မသန်စွမ်းသူအားလုံး မှတ်ပုံတင်ရေး ဆွေးနွေးညှိနှိုင်း

မသန်စွမ်းသူတွေရဲ့အခွင့်အရေးကို လက်တွေ့အကောင်အထည် ဖော်နိုင်ဖို့အတွက် အစိုးရ ၀န်ကြီးဌာနဆိုင်ရာ၊ မသန်စွမ်းအဖွဲ့အစည်းတွေနဲ့ ယူနီဆက်ဖ်အဖွဲ့က ကိုယ်စားလှယ်တွေ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိဟိုတယ်မှာ ဆွေးနွေးကြပါတယ်။ ဇွန်လဆန်းမှာ မြန်မာနိုင်ငံ မသန်စွမ်းသူများ အခွင့်အရေးဥပဒေ ပြဌာန်းခဲ့ပြီးနောက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဖိတ်ကြားဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲဖြစ်ပါတယ်။ ဇွန် ၃၀ ရက်နေ့ကစလို့ နှစ်ရက်ကြာ အလုပ်ရုံဆွေးနွေးပွဲကနေ ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ မသန်စွမ်းဥပဒေရဲ့ နည်းဥပဒေ ရေးဆွဲရာမှာ အထောက်အကူဖြစ်စေမှာပါ။ ဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုဆွေက ဥပဒေမှာပါရှိတဲ့ မှတ်ပုံတင်ခြင်းကို ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့ မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်တာရယ်၊ လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို ပထမဆုံးအကြိမ် အကြိုညှိနှိုင်းတာလို့ ပြောပါတယ်။ မှတ်ပုံတင်တာဟာ စာရင်းသွင်းတာသာဖြစ်ပြီး အမျိုးသားမှတ်ပုံတင်လိုမျိုးနဲ့ မရောထွေးဖို့ သူက ပြောပါတယ်။ “မသန်စွမ်းသူတွေကို မှတ်ပုံတင်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီဥပဒေမှာပါတဲ့ အခွင့်အရေးတွေ မသန်စွမ်းသူတွေရဖို့၊ မှတ်ပုံတင်တယ်ဆိုတာက register လုပ်တာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မဟုတ်ဘူးနော်၊ မသန်စွမ်းသူအဖြစ် မှတ်ပုံတင်တာ။ မသန်စွမ်းသူရဲ့ ဆန္ဒအလျောက် လုပ်ချင်လို့လည်းရတယ်၊ မလုပ်ချင်လို့လည်းရတယ်။ အဲဒီကနေ အသိအမှတ်ပြုမှုတခုခု ထွက်မှာဖြစ်ပြီး မသန်စွမ်းသူတယောက် ရပိုင်ခွင့် အခွင့်အရေးရှိတဲ့သူ ဖြစ်တယ်ဆိုတာကို တို့က ဖော်ထုတ်တာ၊ အဲဒီကိစ္စလေးကို ဆွေးနွေးတာ။” လို့ ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ မသန်စွမ်းကောင်စီ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၊ ရွှေမင်းသားဖောင်ဒေးရှင်း စတဲ့ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ဆွေးနွေးကြပါတယ်။ ဆွေးနွေးပွဲတက်သူ မြန်မာနိုင်ငံ မသန်စွမ်းသူများကောင်စီ အထွေထွေအတွင်းရေးမှူး ဦးညွန့်အောင်က “မသန်စွမ်းဥပဒေအရ မသန်စွမ်းသူတွေသည် မှတ်ပုံတင်ရမယ်။ မသန်စွမ်း အမျိုးအစားနဲ့ မသန်စွမ်းဖြစ်မှု အတိုင်းအတာကို စစ်ဆေးရမယ်ဆိုတဲ့ အချက်တွေကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးတာ။” လို့ ပြောပါတယ်။ သူက “အဓိကကတော့ မသန်စွမ်းအမျိုးအစားကို ဘယ်လိုသတ်မှတ်မလဲ။ မသန်စွမ်းမှု အတိုင်းအဆကို ဘယ်လို အချက်အလက်တွေနဲ့ သတ်မှတ်မလဲ။ အဲဒီဟာ စစ်ဆေးဖို့ ကော်မတီထဲမှာ ဘယ်သူတွေ ပါဝင်သင့်သလဲ။ လုပ်ထုံးလုပ်နည်းတွေ ဘယ်လိုရှိသင့်သလဲ ဆိုတာကို ဆွေးနွေးဖို့ ခေါ်တာပါ။” လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ ကုလသမဂ္ဂ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။ မကြာသေးခင်တုန်းက ထုတ်ပြန်တဲ့ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ မသန်စွမ်းသူ စုစုပေါင်း ၂ ဒသမ ၄ သန်းရှိကြောင်း သိရပါတယ်။
6 years Ago
Up