လာဘ်ပေးလာယ်ယူမှု

October 23, 2021

တောင်တွင်းကြီးတွင် ပင်စင်လစာထုတ်ရာ၌ ဘဏ်အစောင့်စစ်သားများကို လာဘ်ငွေယူနေ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ပင်စင်စားဝန်ထမ်းတွေ ပင်စင်လစာထုတ်ယူရာမှာ အစောင့်စစ်သားတွေက လာဘ်ငွေယူနေတယ်လို့ ပင်စင်စားဝန်ထမ်းတွေဆီက သိရပါတယ်။

ပင်စင်စားတဦးက ''ပင်စင်ထုတ်ဖို့ မနက်အစောကြီးထသွားပြီး တုံကင်ထပ်ရတယ်။ တုံကင်ကို စောစောထပ်ချင်ရင် အစောင့်စစ်သားကို ကျပ် ၂၀၀၀၊ ၃၀၀၀ ပေးရတယ်။ မပေးရင် နောက်ကျမှထပ်ရတယ်။ လူပြည့်သွားရင် နောက်ရက်ထပ်ချိန်းတယ်။ အဘတို့က အသက်လည်းကြီးပြီ။ ရွာကနေဆိုင်ကယ်ကယ်ရီငှားပြီး  ပင်စင်လာထုတ်ရဆိုတော့ နောက်ရက်ပြန်မလာနိုင်ဘူးဆိုတော့လည်း စောစောထုတ်ရဖို့ ငွေပေးခဲ့ရတာပဲ။ ပင်စင်ကလည်း သောင်းဂဏန်းပဲရတာလေ'' လို့ ပြောပြပါတယ်။

တောင်တွင်းကြီး စီးပွားရေးဘဏ်ကနေ ပင်စင်စားတွေကို လစဉ် ၂၁ ရက်နေ့မှ ဇူလိုင် ၂၇ ရက်နေ့အထိ ပင်စင်လစာထုတ်ပေးပြီး တနေ့ကို ပင်စင်စား ၅၀၀  ကျော်ထုတ်ပေးကြောင်း သိရပါတယ်။

''မြို့မှာက မာရှယ်လောကြောင့် မနက် ၆ နာရီ ပင်စင်ထုတ်ဖို့ တုံကင်သွားထပ်တော့ တုံကင်နံပါတ် ၆၀၀ ကျော် ရှိနေပြီ တမနက်လုံးစောင့်နေရတာပေါ့။ နေမြင့်မှရောက်လာသူတွေက စစ်သားကို ပိုက်ဆံပေးပြီး တုံကင်ထပ်ခိုင်းတော့ စောင့်စရာမလိုဘူး။ ကျနော့်ထက် တောင် စောပြီးထုတ်သွားတယ်။ အခု စစ်သားလုပ်နေတဲ့ကောင်တွေက စစ်ပင်စင်စားတွေကို လေးစားရမှန်း၊ ရိုသေရမှန်းလည်း မသိကြပါဘူး'' လို့ မြို့ပေါ်မှာနေတဲ့ ပင်စင်စားစစ်မှုထမ်းဟောင်းတဦးက ပြောပြပါတယ်။

အဆိုပါဖြစ်စဉ်တွေနဲ့ပတ်သက်လို့သိရှိနိုင်ဖို့ တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ဖုန်းဆက်မေးမြန်းခဲ့ပေမယ့်လည်း ''အဲ့ဒိကိစ္စ သူမသိဘူးလို့'' ပြန်လည်ဖြေကြားပါတယ်။

တောင်တွင်းကြီးမြို့၊ မြန်မာ့စီးပွားရေးဘဏ်ကို ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့မှာ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး အစောင့်စစ်သားအချို့ ဒဏ်ရာရရှိခဲ့ကာ နားနေဆောင်အဆောက်အအုံ အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

2 mins Ago

October 9, 2021

အမေရိကန်ကောလိပ်ဝင်ခွင့် လာဘ်ပေးလာဘ်ယူမှုဖြင့် ကျောင်းသားမိဘ ၂ ဦး ပထမဆုံး ပြစ်ဒဏ်ချခံရ

အမေရိကန်ကောလိပ်၀င်ခွင့် အရှုပ်တော်ပုံမှာ ပထမဆုံး တရားရင်ဆိုင်ရတဲ့ ကျောင်းသားမိဘ အမေရိကန်သူဌေး ဖခင် ၂  ဦးကို အောက်တိုဘာ ၈ ရက်မှာ တရားရုံးက လာဘ်ပေးလာဘ်ယူမှုနဲ့  ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

ကာစီနို အမှုဆောင်အရာရှိဟောင်း  ဂါမယ်လ်အဇစ်နဲ့ ပုဂ္ဂလိကရှယ်ယာကုမ္ပဏီ တည်ထောင်သူ ဂျွန်ဝီလ်ဆင်တို့ဟာ သူတို့ကလေးတွေကို အမေရိကန် အထက်တန်းစားတက္ကသိုလ်တွေမှာ တက်ရောက်ခွင့်ရရေးအတွက် လာဘ်ပေးလာဘ်ယူလုပ်ပြီး ဝင်ခွင့်ဝယ်ယူပြီး အကျင့်ပျက် ဆောင်ရွက်ခဲ့မှုနဲ့ တရားစွဲခံခဲ့ရတာပါ။

သူတို့ကလေးတွေရဲ့ ဝင်ခွင့်နေရာတွေ သေချာစေရေးအတွက် ဒေါ်လာထောင်ပေါင်းများစွာ ပေးထားမှုတွေနဲ့ပတ်သက်တဲ့ စွဲချက်အားလုံးမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာပါ။

သူတို့နှစ်ဦးဟာ သားသမီးတွေ ကောလိပ်မှာ ဝင်ခွင့်သေချာစေရေးအတွက် ကယ်လီဖိုးနီယား ကောလိပ်၀င်ခွင့် အတိုင်ပင်ခံနဲ့ ပူးပေါင်းကြံစည်ပြီး လိမ်လည်လှည့်ဖြား လုပ်ဆောင်မှုကြောင့် တရားစွဲခံခဲ့ရတဲ့ သူဌေးမိဘ ၅၇ ယောက်ထဲမှာ အပါအဝင် ဖြစ်ပါတယ်။ 

ဒီအမှုကို စီရင်ခဲ့တဲ့ ဥပဒေအရာရှိ နသန်နီရယ်လ်ပြောတာက သူတို့ဟာ သူတို့လိုချင်တာရဖို့ လိမ်လည်မှုနဲ့ လာဘ်ပေးလာဘ်ယူကိုသုံးပြီး အခွင့်ထူးခံနဲ့ ဥပဒေကို ချိုးဖောက်ခဲ့တာကြောင့် သူတို့ရဲ့လုပ်ရပ်ဟာ ကြိုးစားတဲ့ကျောင်းသားတွေနဲ့ မိဘတွေကို စော်ကားတာဖြစ်လို့ အခု လို အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရတာလို့ ဆိုပါတယ်။

ဒီအမှုကို ၄ ပတ်ကြာ ရုံးတင်စစ်ဆေးခဲ့ပြီး ဂျူရီအဖွဲ့ရဲ့ ၁၀ နာရီခွဲကြာ ဆွေးနွေးချက်တွေအပြီးမှာ စီရင်ချက်ချခဲ့တာပါ။

ဒီအမှုဟာ အဆင့်မြင့်ပညာရေးမှာ မညီမျှမှုတွေနဲ့ သူတို့သားသမီးတွေအတွက် ထိပ်တန်းကျောင်း တွေကို အဆင်ပြေပြေသွားခွင့်ရဖို့ ချမ်းသာတဲ့ မိဘတွေရဲ့ လက်တံရှည်မှုကိုလည်း ဖော်ထုတ် ပြသခဲ့တယ်လို့ ဆိုပါတယ်။

2 weeks Ago
Up