လာဘ်စားမှုတိုက်ဖျက်ရေး

January 21, 2018

လာဘ်စားမှုတိုက်ဖျက်ရေး ရိုမေးနီးယားပြည်သူ ၅ သောင်းခန့် ဆန္ဒပြ

ရိုမေးနီးယားနိုင်ငံ  ဘူခါရက်မြို့တော်မှာ ဇန်နဝါရီ ၂၀ ရက်က လာဘ်စားမှုတိုက်ဖျက်ရေး ဆန္ဒပြမှုကို လူ ၅ သောင်းလောက် ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ ဆန္ဒပြသူ ၅ သောင်းလောက်ဟာ ဘူခါရက်တက္ကသိုလ်အနီးမှာရှိတဲ့ တက္ကသိုလ်ရင်ပြင်ကနေ လွှတ်တော်အဆောက်အဦဆီကို ချီတက်ဆန္ဒပြကြတာ ဖြစ်ပါတယ်။ နောက်ပြီး ရိုမေးနီးယားနိုင်ငံ တ၀န်းက မြို့တွေမှာလည်း လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြတာပါ။ ရိုးမေးနီးယား တရားစီရင်ရေးစနစ် လွတ်လပ်မှုနဲ့ နိုင်ငံမှာ မြင့်တက်နေတဲ့ လာဘ်စားမှု တိုက်ဖျက်ရေးကို ယုတ်လျော့အားပျော့သွားအောင် အာဏာရပါတီဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီက ကြိုးပမ်းနေတာကို ဆန့်ကျင်ပြီး ဆန္ဒပြကြတာဖြစ်ပါတယ်။ အာဏာရပါတီဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက် ပါတီက ယမန်နှစ် ဒီဇင်ဘာလက တရားစီရင်ရေးစနစ် အပြောင်းအလဲပြုလုပ်ဖို့ လွတ်တော်ကတဆင့် ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ရပ်ကို ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံခြားရေးဌာနနဲ့ ရိုးမေးနီးယားသမ္မတ ကလောက်စ် စယိုဟန်နီးစ် ကိုယ်တိုင်က ဝေဖန်ခဲ့တာလည်းဖြစ်ပါတယ်။ ရိုမေးနီးယားအာဏာရပါတီရဲ့ တရားစီရင်ရေးစနစ် အပြောင်းအလဲလုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးရဲ့ အဆုံးအဖြတ်ကို စောင်းဆိုင်းနေရတာလည်း ဖြစ်ပါတယ်။ အာဏာရပါတီရဲ့ တရားစီရင်ရေးစနစ် အပြောင်းအလဲလုပ်မယ့်ကိစ္စနဲ့ ပတ်သက်ပြီး ဖေဖေါ်ဝါရီမှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်မှာ အဆိုပြုချက်အသစ်တွေ တင်သွားမှာ ဖြစ်ပါတယ်။ အခုတင်မယ့် အဆိုပြုချက်အသစ်မှာ ပြစ်မှုအတော်များများကို ပယ်ဖျက်တာ၊ ပြစ်ဒဏ်လျော့ပစ်တာမျိုးတွေ ပါဝင်မှာဖြစ်ပါတယ်။ အခုလုပ်ရပ်ဟာ တရားဥပဒေစိုးမိုးရေးကို ခြိမ်းခြောက်နိုင်တယ်ဆိုပြီး ဝေဖန်သူများက ထောက်ပြကြပါတယ်။ အာဏာရ ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ၂၀၁၇ အစပိုင်းကလည်း လာဘ်စားမှုနဲ့ဆိုင်တဲ့ ပြစ်မှုအတော်များများကို ပြစ်မှု အဖြစ်ကနေ ပယ်ဖျက်ဖို့ ကြိုးပမ်းခဲ့တာကြောင့် အကြီးအကျယ်ဆန္ဒပြမှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ “ကျနော်ဒီကိုလာရတာ ကျနော့်သားကြောင့်ပါ။ သူက အသက် ၇ နှစ်ခွဲရှိပါပြီ။ အဲဒီအကြောင်းကြောင့် ကျနော်ဒီကိုလာပြီး ဆန္ဒပြတာပါ။ နောက်ထပ်လည်း လာဦးမှာပါ” လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ မီဟိုင်းကပြောပြသွားတာပါ။ “ကျမဒီကိုလာ ဆန္ဒပြတာက ရိုမေးနီးယားမှာ မှန်ကန်တဲ့ နိုင်ငံရေးသမားတွေနဲ့ တရားမျှတမှုကို လိုလားလို့ပါ” လို့ ဆန္ဒပြသူတဦးဖြစ်တဲ့ အလက်ဇန္ဒာ ကပြောသွားတာ ဖြစ်ပါတယ်။
3 years Ago
Up