လာစ့်ဗီးဂက်စ်

November 8, 2019

အမေရိကန်တွင် လမ်းဘေးအိပ် နေထိုင်သူများကို အရေးယူမည်

အမေရိကန်နိုင်ငံ လာစ့်ဗီးဂက်စ်မြို့မှာ လမ်းဘေးအိပ်တာနဲ့ စခန်းချနေထိုင်တာတွေကို တားမြစ်မယ့် အငြင်းပွားဖွယ် အဆိုပြုချက်ကို နိုဝင်ဘာ ၆ ရက်နေ့က မြို့ကောင်စီမှာ အတည်ပြုလိုက်ပါတယ်။  လာစ့်ဗီးဂက်စ်မြို့ကောင်စီမှာ ထောက်ခံမဲ ၅ မဲ ကန့်ကွက်မဲ ၂ မဲနဲ့ အတည်ပြုလိုက်တဲ့ အဲဒီဥပဒေအရ မြို့လယ်ခေါင်လမ်းမတွေနဲ့ တခြားလူနေရပ်ကွက်ဧရိယာတွေမှာ လမ်းဘေးအိပ်တာတွေကို ကန့်သတ်တားမြစ်သွားမှာပါ။  ဥပဒေချိုးဖောက်ရင်တော့ ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ ဒါမှမဟုတ် ထောင်ဒဏ် ၆ လအထိ ကျခံရနိုင်တယ်လို့ ဒေသခံမီဒီယာတွေက ဖော်ပြကြပါတယ်။  ဒါပေမယ့် ဝေဖန်သူတွေကတော့ အဲဒီဥပဒေဟာ အိမ်ရာမဲ့တွေကို ရာဇဝတ်သားအဖြစ် ဆက်ဆံရာရောက်တာကြောင့် မမျှတဘူး၊ ဒဏ်ငွေရိုက်တာနဲ့ ရာဇဝတ်စွဲချက်တွေက ဆင်းရဲနွမ်းပါးမှုအခြေအနေကို ပိုပြီးဆုတ်ယုတ်စေတယ်လို့ ပြောခဲ့ကြပါတယ်။   အိမ်ရာမဲ့တွေအား ဘေးကင်းလုံခြုံတဲ့ အဝန်းအဝိုင်းကို ရွှေ့ပြောင်းပေးရာရောက်တာကြောင့် အဲဒီဥပဒေက အိမ်ရာမဲ့တွေကို အထောက်အကူပြုလိမ့်မယ်လို့ ထောက်ခံသူတွေက သုံးသပ်ကြပါတယ်။ လာစ့်ဗီးဂက်စ်မြို့က စီးပွာရေးလုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက  လမ်းဘေးစခန်းချနေထိုင်တာနဲ့ ပတ်သက်လို့ စောဒဂတက်နေခဲ့ကြတာ ကြာနေပါပြီ။ လာစ့်ဗီးဂက်စ်မြို့မှာ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့  အဲဒီဥပဒေ အသက်ဝင်မယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြကြပါတယ်။ 
2 years Ago
Up