လာဂို့စ်မြို့

November 2, 2021

နိုင်ဂျီးရီးယားတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတခု ပြိုကျ၊ အလုပ်သမားများ ပိတ်မိ

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မှာ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံတခု နိုဝင်ဘာ ၁ ရက်မှာ ပြိုကျခဲ့လို့ အလုပ်သမားအတော်များများဟာ ကွန်ကရစ်ပုံအောက်မှာ ပိတ်မိနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

အဆောက်အအုံ ပြိုကျချိန်မှာ လုပ်ငန်းခွင်အတွင်း လူ ၁၀၀ လောက် ရှိနေတယ်လို့ အီကိုယီ ရပ်ကွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းက အလုပ်သမား ၂ ယောက်က ပြောပါတယ်။

စည်းမျဉ်း စည်းကြပ်မှုလျော့ရဲပြီး ဆောက်လုပ်ရေးပစ္စည်းတွေက အရည်အသွေး မပြည့်မီတာ မကြာခဏ ဖြစ်တတ်လို့ အာဖရိကတိုက်ရဲ့ လူအထူဆုံးနိုင်ငံ နိုင်ဂျီးရီးယားမှာ အဆောက်အအုံတွေ မကြာခဏ ပြိုကျလေ့ ရှိပါတယ်။

ဘာကြောင့် ပြိုကျတယ်ဆိုတာ ချက်ချင်း မသိရသေးဘဲ လာဂို့စ်ပြည်နယ် အရေးပေါ် စီမံရေး အေဂျင်စီက အရေးပေါ်တုံ့ပြန်ရေး စီမံကိန်းကို စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

စက်ကြီးတွေနဲ့ အသက်ရှင် ကျန်ရစ်သူကိုရှာတဲ့ စက်ပစ္စည်းကိရိယာတွေကို တာဝန်ချထားပြီး ကနဦး တုံ့ပြန်ရေး ဝန်ထမ်းအားလုံး အခင်းဖြစ်ရာ နေရာကို ရောက်နေပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

10 months Ago

March 16, 2020

နိုင်ဂျီရီးယားတွင် ဓာတ်ငွေ့စက်ရုံပေါက်ကွဲ၍ ၁၅ ဦး သေဆုံး

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မြို့ ဆင်ခြေဖုံးမှာ ဓာတ်ငွေ့သန့်စင်ရေး စက်ရုံတရုံ မတ်လ ၁၅ ရက်မှာ ပေါက်ကွဲခဲ့လို့ လူ ၁၅ ဦးထက် မနည်း သေဆုံးပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံ ၅၀ လောက် ပျက်စီးခဲ့တယ်လို့ အရေးပေါ် ဌာနက ပြောပါတယ်။ ကုန်ကားက ကော်ပိုရေးရှင်းရဲ့ ပိုက်လိုင်းအနားမှာရှိတဲ့ ဓာတ်ငွေ့သန့်စင်ရေးစက်ရုံထဲက ဓာတ်ငွေ့လှောင်ကန်တချို့ကို ဝင်တိုက်မိပြီး ပေါက်ကွဲခဲ့တာလို့ နိုင်ဂျီးရီးယား အမျိုးသားရေနံ ကော်ပိုရေးရှင်း (NNPC) က ပြောပါတယ်။ ဒဏ်ရာရသူ တော်တော်များများကို ဆေးရုံတင်ပို့ ကုသပေးခဲ့ရတယ်လို့ အမျိုးသားအရေး ပေါ် စီမံရေးအေဂျင်စီရဲ့ ဇုန်အလိုက် ညှိုနှိုင်းရေးမှူးက ပြောပါတယ်။  ပေါက်ကွဲတဲ့ အရှိန်ကြောင့် အနားက အိမ်တွေ ပြိုကျခဲ့တဲ့အပြင် ပိုက်လိုင်းလည်း ပျက်စီးခဲ့တာကြောင့် လုပ်ငန်းတွေလည်း ရပ်နားခဲ့ရတယ်လို့ အစိုးရပိုင်ရေနံကုမ္ပဏီက ကြေညာချက် ထုတ်ပြန်ပါတယ်။  ရေနံထွက်ကုန် ပိုက်လိုင်း ယာယီပိတ်ချ ခဲ့ရပေမယ့် လာဂို့စ်နဲ့ ပတ်ဝန်းကျင် မြို့တွေကို ပုံမှန်ဖြန့်ဖြူးမှု ထိခိုက်မှာ မဟုတ်ဘူးလို့ NNPC က ပြောပါတယ်။  အာဖရိကရဲ့ အကြီးဆုံး ရေနံစိမ်းထုတ်လုပ်သူ နိုင်ဂျီးရီးယားနိုင်ငံမှာ ပိုက်လိုင်းတွေ မီးလောင်တာက ဖြစ်နေကျပါ။  မီးလောင်းရတဲ့ အကြောင်းရင်းအများစုက သူခိုးတွေနဲ့ လုပ်ကြံသူတွေကြောင့် ဖြစ်ပြီး ရေနံခိုးတဲ့ နည်းလမ်းတွေကြောင့် မတော်တဆဖြစ်ရာက မီးလောင်လေ့ ရှိတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
2 years Ago
Up