လာကာဇက်တီ၏ သွင်းဂိုး ၂ ဂိုးဖြင့် အာဆင်နယ်က ဝက်စ်ဘရွန်းကို အနိုင်ယူ

September 26, 2017

လာကာဇက်တီ၏ သွင်းဂိုး ၂ ဂိုးဖြင့် အာဆင်နယ်က ဝက်စ်ဘရွန်းကို အနိုင်ယူ (ရုပ်သံ)

ပရီးမီးယားလိဂ် ပွဲစဉ် ၆ လက်ကျန်ပွဲစဉ်အဖြစ် အာဆင်နယ်နဲ့ ဝက်စ်ဘရွန်းတို့ မနေ့ညက ယှဉ်ပြိုင်ရာ အာဆင်နယ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ ဒီပွဲမှာ တိုက်စစ်အတွဲအဖြစ် လာကာဇက်တီနဲ့ ဆန်းချက်ဇ်အတွဲကို အသုံးပြုခဲ့ပါတယ်။ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရတဲ့ ဒီပွဲမှာ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာရခဲ့ပါတယ်။ ဝက်စ်ဘရွန်းဟာ ပထမပိုင်းမှာ တိုက်စစ်မှူး ရိုဒရီဂွက်ဇ်ရဲ့ ကန်သွင်းချက် ဂိုးတိုင်ထိပြီး ပြန်ထွက်ခဲ့သလို သူ့ရဲ့ အပိုင်ခေါင်းတိုက်ချက်ကိုလည်း အာဆင်နယ်ခံစစ်မှူး မွန်ရီယယ် ဖျက်ထုတ်နိုင်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ ပွဲချိန် မိနစ် ၂၀ မှာ အာဆင်နယ် တိုက်စစ်မှူး လာကာဇက်တီက ခေါင်းတိုက်ပြီး အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ပွဲချိန် ၆၇ မိနစ်မှာလည်း လာကာဇက်တီကပဲ ပယ်နယ်တီကတဆင့် ဒုတိယ အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။ ပွဲချိန် ၈၃ မိနစ်မှာ အာဆင်နယ်အသင်းက တိုက်စစ်မှူး လာကာဇက်တီနဲ့ ဆန်းချက်ဇ်တို့ကို ထုတ်ပြီး အိုဇေးလ်နဲ့ ဂျရူးအတွဲကို ထည့်သွင်းကစားခဲ့ပေမယ့် ဂိုးထပ်မံမသွင်းနိုင်တော့ဘဲ ပွဲအပြီးမှာ အာဆင်နယ်က ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီပွဲအနိုင်ရတဲ့ အာဆင်နယ်က ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၇ နေရာကို တက်လှမ်းနိုင်ခဲ့ပြီး ဝက်စ်ဘရွန်းကတော့ ရမှတ် ၈ မှတ်နဲ့ အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။
4 years Ago
Up