လယ်ဧက ၂၀၀၀ ကျော်

November 2, 2020

စပါးရိတ်ချိန် လယ်ဧက ၂၀၀၀ ကျော် ရေနစ်မြုပ်နေ၍ အင်္ဂပူ လယ်သမားများ အခက်အခဲဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်းမှာ အောက်တိုဘာလနောက်ဆုံးပတ်မှာ စပါးရိတ်သိမ်းချိန် မိုးများပြီး လယ်မြေတွေ ရေမြုပ်နေတာကြောင့် စပါးပင်တွေ ပျက်စီးဆုံးရှုံးကာ လယ်သမားတွေ အခက်အခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ နွားခြံကျေးရွာအုပ်စုတွင်းရှိ လက်ပံကိုင်း၊ သရက်တုံးကူး၊ စစ်ကွင်း၊ ကျေးတောငူ၊ မရမ်းမြောင်၊ ပေါက်ပင်ကွင်း စတဲ့ကျေးရွာတွေမှာ သဲဖြူချောင်း ရေလျှံပြီး လယ်မြေဧက နှစ်ထောင်ကျော် ရေလွှမ်းနစ်မြုပ်နေတာလို့ လယ်သမားတွေက ပြောပါတယ်။ လက်ပံကိုင်းကျေးရွာနေ လယ်သမား ဦးတက်ရွှေက “ဒီနှစ် ခုလို ရိတ်ချိန်တွေမှာမိုးက အများဆုံး ဒုက္ခပေးသွားတယ်။ ဒီနေရာက ချောင်းနှစ်ခုလည်းဆုံတဲ့ နေရာလေ။ စပါးတွေ ရေလွှမ်းသွားတော့ အကုန်ပြာကုန်ပြီ။ ရေကျလို့ ရိတ်ရလည်း တိရစ္ဆာန်တောင် စားမှာမဟုတ်တော့ဘူး၊ တခုခုတော့ သက်ဆိုင်ရာက လုပ်ပေးစေချင်တယ်” လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်ဟာ မြစ်ချောင်းအင်းအိုင်တွေ ပေါများပြီး နှစ်စဥ် ရေလွှမ်းမိုးမူဒဏ်ကို ကြုံတွေ့ ခံစားနေကြရတာပါ။ အင်္ဂပူမြို့နယ်၊ နွားခြံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးကိုဌေးက “အခုဖြစ်စဥ်ကို မြို့နယ်ကို အကြောင်းကြားထားတယ်။ ပြီးရင် ရေလွှမ်းမိုးတဲ့ လယ်မြေဧရိယာတွေကို စာရင်းပြုစုပြီးတာနဲ့ တရားဝင်တင်ဖို့ လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။ အင်္ဂပူမြို့နယ်မှာ နှစ်စဉ် မိုးစပါး စိုက်ဧက ၃ သောင်းကျော်ရှိတယ်လို့ သိရပါတယ်။  ၂၀၁၉ ခုနှစ်တုန်းကလည်း ရေကြီးနစ်မြုပ်ခဲ့တဲ့ လယ်သမားတွေကို အစိုးရကနေ မျိုးစပါးဖိုး ၁ ဧက ၂ သောင်းနှုန်း ထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့ဖူးပါတယ်။
1 year Ago
Up