လယ်ဧကရာချီ ရေနစ်မြုပ်

September 20, 2021

ရေဦးမြို့နယ် မုတ်ဆီချောင်းဘေးဝဲယာက လယ်ဧကရာချီ ရေနစ်မြုပ်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က မုတ်ဆီချောင်း ရေကြီးမှုကြောင့် မုတ်ဆီရွာနဲ့ ငြုတ္တုံရွာက ချောင်းဘေးဝဲယာ စပါးစိုက်ပြီးစ လယ်ဧက ရာချီပြီး ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျနော်တို့ ရွာထဲက နေအိမ်တချို့လည်း ရေဝင်တယ်။ လယ်ဧက ၁၀၀ ကျော်လောက်လည်း ၄ ရက်ရှိပြီ။ ရေနစ်မြုပ်နေတယ်။ မနက်က ၆ လက်မလောက် ကျဆင်းသွားပြီးသားပါ။ မိုး ထပ်ရွာတော့ အခုရေပြန်တက်လာနေတယ်။ တကယ်တော့ ချောင်းမဖြောင့်လို့ ရေတက်တာပါ။ NLD အစိုးရလက်ထက်က ချောင်းဖြောင့်ဖို့ စက်ယန္တရားတွေနဲ့ တူးတော့တူးခဲ့တယ်။ ချုံလောက်ပဲ ရှင်းသွားတာဆိုတော့ ပြန်ပြီးရေကြီးနစ်မြုပ်တဲ့ ဒဏ်ခံရတာပဲ။ အဲဒီချောင်းကို ဖြောင့်ပေးလိုက်ရင်တော့ ရေစီးရေလာကောင်းပြီး ရေနစ်မြုပ်တဲ့ဒဏ် မခံရတော့ဘူးပေါ့” လို့ မုတ်ဆီရွာခံတစ်ဦးက ပြောပါတယ်။

မုတ်ဆီချောင်းရေ ကြီးတာကြောင့် ၂၀၀၄ ခုနှစ်က တကြိမ်၊ ၂၀၀၆ ခုနှစ်က တကြိမ် အကြီးအကျယ်‌ မိုးရွာသွန်းတာကြောင့် စပါးစိုက်ဧကရာချီပြီး ပျက်စီးတာတွေနဲ့ ကြုံခဲ့ရဖူးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 months Ago

September 2, 2021

ဝက်လက်မြို့နယ်တွင် လယ်ဧကရာချီ ရေနစ်မြုပ်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ရက်တွေက မိုးရွာသွန်းမှုများပြားတဲ့အတွက် စိုက်ပြီးသား လယ်ဧတွေ ရာနဲ့ချီ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သခွတ္တောကျေးရွာသားတစ်ဦးက “ကျနော်တို့ရွာမှာ စိုက်ပြီးသားလယ် ဧက ၂၀၀ လောက် ရေမြုပ်တယ်ဗျ။ မိုးအားကောင်းပြီး။ ရေဆိုးထုတ်မြောင်းက တိမ်ကောနေတော့ ရေက အတော်နဲ့ မထွက်နိုင်ဘူး။ ဒါကြောင့် ရေမြုပ်ကုန်တာ။” လို့ ပြောပါတယ်။

သခွတ္တောကျေးရွာမှာ အခုလို ရေနစ်မြုပ်တာ ၃ နှစ်တကြိမ်လောက်ဖြစ်တယ်လို့ သိရပြီး ၊ ရေ ဆိုးထုတ်မြောင်း တိမ်ကောနေတာကို ပြန်လည်ပြုပြင်ပေးစေခြင်တယ်လို့လည်း ဆိုပါတယ်။

“ရေဆိုးထုတ်မြောင်းပြင်ရင် ဒါလောက်မဆိုးဘူး။ ကျနော်တို့မြို့နယ်က ဆည်မြောင်းဌာနကလည်း အရင်ကတည်းက ဘာမှအားကိုးလို့ရတာမဟုတ်ဖူး” လို့ သခွတ္တောကျေးရွာသားကပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ အန်အယ်လ်ဒီ အစိုးရလက်ထက်က ဆည်မြောင်းတာတမံတွေ ပြုပြင်မှုတချို့ရှိခဲ့ပေမဲ့ သက်ဆိုင်ရာဆည်မြောင်းဝန်ထမ်းတွေဟာ မြောင်းကောင်းဖို့ထက် ကိုယ့်အတွက် ကျန်ဖို့ကိုသာ  အလေးထားနေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်အတွင်းမှာ ပင်းဇင်း၊ တကောင်းမင်း ၊ လှတောစတဲ့ကျေးရွာတွေဟာ မိုးကောင်းတဲ့နှစ်တိုင်း ရေကြီးနစ်မြုပ်တာကြုံရလေ့ရှိသလို၊ သခွတ္တောလို ကျေးရွာတွေကတော့ မြောင်းပိတ်ဆို့မှုကြောင့်သာ ရေနစ်မြုပ်တဲ့ ဒဏ်ခံရတာဖြစ်ပါတယ်။

3 months Ago
Up