လယ်ယာမြေ ပုံစံ ၇

December 18, 2020

လယ်ယာမြေ ပုံစံ ၇ ကြောင့် ကရင်နီတိုင်းရင်းသားများ အခက်ကြုံ 

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထီးပေါဆိုးကျေးရွာမှာ လယ်ယာမြေ ပုံစံ ၇ ရရှိထားတဲ့ မြေပေါ်မှာ ခွင့်ပြုမိန့်မရှိဘဲ အဆောက်အအုံ ဆောက်သည်ဟုဆိုကာ ဒေသခံ ရွာသား ၂ ယောက်ကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက သတိပေးစာ ပေးပို့ထားပါတယ်။  သတိပေးစာပေးခံရတဲ့ ထီးပေါဆိုရွာသား ဦးစောတီမသေက သူ့အနေနဲ့ သူ့မြေကွက်ပေါ်မှာ ပုံစံ ၁၀၅ ရရှိထားလို့ အိမ်ဆောက်ခဲ့တာဖြစ်ပေမယ့် သူအိမ်ဆောက်ပြီးနောက်ပိုင်း သူ လျှောက်ထားခြင်းမရှိဘဲ  မြေပုံစံ ၇ ထွက်လာလို့ သတိပေးခြင်းခံရတာဖြစ်တယ်လို့ ပြောပါတယ်။  “  ပုံစံ ၁၀၅ က ၂၀၁၂ နှစ်မှာ ထွက်တာပေါ့နော်။ ၂၀၁၂ ထွက်ပြီးတော့ ကျနော်က ဒီအိမ်ကိုဆောက်တာ။ ဒီအိမ်ကို ဆောက်ပြီးလို့ သိပ်မကြာခင်မှာပဲ ပုံစံ ၇ ကထွက်လာတယ်။ ပုံစံ ၇ ထွက်လာတဲ့အခါကျတော့ သူတို့က ကျနော့်ကို ဘယ်လိုပြောလဲဆိုတော့ခင်ဗျား ပုံစံ ၇ ပေါ်မှာ အိမ်ဆောက်တယ်။ ကျူးကျော်အိမ်ဖြစ်နေတယ်။ ခင်ဗျား ဒဏ်ကြေးဆောင်ရမယ်။ ကျနော်ကလည်း ပြန်ပြောတာပေါ့နော်။ ဒီမှာ ပုံစံ ၁၀၅ ရှိတယ်လို့လေ ဆိုတော့ သူက သက်တမ်းက ကုန်သွားပြီ။ ဒီသက်တမ်းက ၆ လ အဲလောက်ပဲရှိတယ်။ ” ဒါ့အပြင် မြေပုံစံ ၇ ကို သူလျှောက်ထားခဲ့တာမဟုတ်သလို သူ့အမေနဲ့ ညီအစ်ကို မောင်နှမတွေကို မေးလဲ ဘယ်သူမှ မလျှောက်ခဲ့ဘဲ သူညီနာမည်နဲ့ ထွက်လာတာလို့ ဆိုပါတယ်။ သူ့အနီးနားပတ်ဝန်းကျင်မှာကျောင်းတွေ၊ အိမ်တွေရှိပြီး တခြားလူတွေက ရွာမြေဖြစ်ပေမယ့် သူ့ရဲ့ ၀ ဒသမ ၇၅ ဧက အကျယ်ရှိတဲ့ မြေတကွက်ထဲပဲ ပုံစံ ၇ ပေါက်နေတာဖြစ်ပါတယ်။ အလားတူ ထီပေါ်ဆိုရွာနေတဲ့ မမေမေဇင်က ပုံစံ ၇ ကို သူ့အမေနာမည်နဲ့ပေါက်ထားပြီးသူက အဲမြေပေါ်မှာ အိမ်ဆောက်ခဲ့လို့ သတိပေးစာ ပေးပို့ခံရတာဖြစ်ပါတယ်။  “ ကျမဟာကျတော့ ပုံစံ ၇ က အမေ့နာမည်နဲ့ ပေါက်တယ်။ အိမ်မဆောက်ခင် ကိုယ်လည်း သေသေချာချာနားမလည်တော့ နုတ်နဲ့အရင်သွားမေးတယ်။ အေး လုပ်ဆောက် တဦးတယောက်ကိုယ်လည်း အိမ်ဆောက်ချင်တယ်တားမယ်ဆိုလည်းမကောင်းဘူးဆိုပြီးတော့ ဆောက်ပါ။ ဆိုပြီးတော့ ကျမတို့က နောက်မှ သဲတွေကျောက်တွေ ဝယ်ပြီးတော့ဆောက်လိုက်တော့ ကျမ တဝက်တက်ပြီးမှ တားစာထုတ်တယ်။ ” ဒါ့အပြင် မိခင်ဖြစ်သူဆုံးပါးသွားလို့ အမွေဆက်ခံပုံစံနဲ့ပြန်လျှောက်ဖို့ ပြောလာတဲ့အတွက် ဒီလိုပုံစံလုပ်တဲ့အခါမှာလည်း အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ကြောင်းလည်း မမေမေဇင်က ပြောပါတယ်။ လယ်ယာမြေ ပုံစံ ၇ ဟာ အိမ်သို့မဟုတ် တခြားအဆောက်အအုံတွေ ဆောက်လို့မရဘူးဆိုတာ ဒေခံတော်တော်များများက နားလည်မထားကြပါဘူး။ လယ်ယာမြေမြေပုံစံ ၇ ရှိရင် အထောက်အထားဖြစ်တယ်ဆိုပြီး မြေစာရင်း မြေတိုင်းတွေက ပြောပြလို့ လုပ်ခဲ့ကြတာလို့ ဆိုပါတယ်။ ဒေါပေါကူကျေးရွာမှာ ရပ်ကျေးလယ်စီအဖွဲ့ဝင်အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့  ဦးပရေးရယ် သူ့ရွာမှာ ပုံစံ ၇ မပေါက်သေးဘဲ ပုံစံ ၇ ကျူးဆိုပြီး အဲလို လုပ်ဆောင်တာတွေ တွေ့ရှိခဲ့ရကြောင်းပြောပါတယ်။  ပုံစံ ၇ ထုတ်ပေးရေး စီမံချက်ကာလဆိုပြီး ၂၀၁၃ ခုမှာ စတင်ထုတ်ပေးစဉ်ကလည်း အချိန် ၃ လပဲပေးတာကြောင့် အမှားအယွင်းဖြစ်ပုံကိုလည်း ဦးပရေးရက “ ၂၀၁၃ မှာ စထုတ်ပေးပါတယ်။ ပုံစံ ၇ စထုတ်တဲ့အခါ ဒီစီမံချက်ကာလဆိုလို့ ၃ လပဲ အချိန်ပေးတယ်။ ရပ်ကျေးအုပ်စုက တအုပ်စုလုံးကို ရှိတဲ့မြေယာတွေ ပုံစံ ၇ တင်ရမယ်ဆိုပြီးတော့ ဒီ ၃ လထဲမှာ နာမည်ထပ်တဲ့သူရှိသလို နာမည်ပေါက်သင့်တဲ့လူက မပေါက်ပဲ တခြားလူတယောက်ကပေါက်သွားတာမျိုးတို့၊ နောက်ပြိုင်တူ လျှောက်တာဘာညာ အဲမှာအများကြီးရှိတယ်။ အဓိက ရေသောက်မြစ်ကတော့ ၂၀၁၂ လယ်ယာမြေ ဥပဒေက ကျနော်တို့နဲ့အဆင်မပြေတာ။ အဆင်ပြေခဲ့ရင်လည်း ဒီလိုမျိုးဖြစ်လာမှာမဟုတ်ဘူး။” ဒါ့ကြောင့် မြေပုံစံ ၇ နဲ့ပတ်သက်ပြီး ဒေသခံတွေနဲ့ အခုလို အခက်အခဲဖြစ်လာရင်လည်း ရပ်ကျေးလယ်စီ ဘက်က လုပ်ဆောင်ပေးနိုင်တာမရှိဘူးလို့လည်း ဦးပရေးရယ်က ပြောပါတယ်။ “ရပ်ကျေးလယ်စီအနေနဲ့ကတော့ ဒီလိုမျိုးဥပဒေနဲ့ ပြဿနာဖြစ်လာပြီဆိုတာတော့ သိပ်ဆောင်ရွက်နိုင်တာမရှိဘူးပေါ့နော်။ အများကြီး တောင်သူတွေဘက်ပဲ ပေးဆပ်ရတာပေါ့နော်။ ပြည်သူဘက်က ကာကွယ်ပေးတာကတော့ ရပ်ကျေးလယ်စီအဖွဲ့ကတော့သိပ်မရှိဘူးပြောရမှာပေါ့။ ဘာလို့လဲဆိုတော့ ဒီဥပဒေက ကျနော်တို့တွေက မချစ်သော်လည်း ညားရမယ့် အနေအထားသဘောမှာဖြစ်နေတယ်။ ” ကရင်နီပြည်တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင် ခွန်းကောရီယိုကတော့ ၂၀၁၂ လယ်ယာမြေ ဥပဒေဟာ တိုင်းရင်းသားဒေသအတွက်အဆင်မပြေသလို မြေပုံစံ ၇ နဲ့ပတ်သက်လို့ ဒေသခံတွေနားလည်အောင် မလုပ်ဆောင်ပေးလို့ အခုလို ပြဿနာတွေဖြစ်လာလို့ ဆိုပါတယ်။   “ အဓိကကတော့ ၂၀၁၂ လယ်ယာမြေ ဥပဒေက ကျနော်တို့ တိုင်းရင်းသား ဒေသမှာ အသုံးပြုဖို့က အဆင်မပြေဘူးပေါ့နော်။ ကိုက်လည်းမကိုက်ညီဘူး။ နောက်တချက် ပုံစံ ၇ ရှိခြင်းအားဖြင့် အထောက်အထား တခုဖြစ်တယ်ဆိုတာကို ပြည်သူတွေကို သူတို့ ရှင်းရှင်းလင်းလင် လာရောက်ပြောပြခြင်းလည်းမရှိဘူး။ နောက်ဥပဒေကြောင်းအရ ဘယ်လိုရှိလဲဆိုတာကို ပြည်သူတွေနားလည်အောင် ပြောပြတဲ့အနေအထားမရှိတဲ့ အနေအထားကြောင့်မို့လို့  ဒီလိုပြ ဿနာ ဖြစ်လာရတယ်။ ” လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရရှိထားတဲ့ တောင်သူလယ်သမားတွေဟာ မြေလုပ်ပိုင်ခွင့် လက်မှတ်ပါ စည်းမျဉ်းစည်းကမ်းတွေအရ နေအိမ်ဆောက်လုပ်ခွင့်မရတာကို သိရှိသူက နည်းပါးနေပါတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ၇ ရထားတဲ့ မြေပေါ်မှာ နေအိမ်တည်ဆောက်လို့ဆိုပြီး ဖရူဆိုမြို့နယ်အတွင်းကတောင်သူ  ၂၈ ဦးဟာ နေအိမ်ဖျက်ဆီးခံရမယ့် အရေးကြုံတွေ့နေရပါတယ်။
4 months Ago
Up